Social Icons

Pages

Friday, August 11, 2017

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ တွေ့ဆုံ ဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်မှ  Lt.Gen. Parinya Khoonnasee ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၁၁-၈-၂၀၁၇

Senior Staff Talks အစည်းအဝေးသည် မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား အရေးပါသည့် ပူးပေါင်းလုပ်ဆောင်မှု များအတွက်များစွာ အထောက်အကူ ရစေသည့်အပြင် အိမ်နီးချင်းကောင်းဖြစ်ပြီး မိတ်ဆွေကောင်း၊ မိတ်ဆွေဟောင်း များလည်းဖြစ်ကြသည့် မိမိတို့နှစ်နိုင်ငံ အတွက်လည်း အကျိုးကျေးဇူးများ ဖြစ်ထွန်း စေပါကြောင်း၊ မိမိတို့တပ်မတော် နှစ်ရပ်အကြား ပုံမှန်ပြုလုပ်နေသည့် Township Border Committee၊ Regional Border Committee၊ Senior Staff Talks နှင့် High Level Committee အစည်းအဝေးများသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ဒေသတွင်းနိုင်ငံများ အတွက်ပါ စံနမူနာတစ်ရပ် ဖြစ်စေကြောင်း၊ ရိုးသားပွင့်လင်းမှုနှင့် ယုံကြည်မှုမှာ အရေးကြီးကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၆) ကြိမ်မြောက် မြန်မာ-ထိုင်း Senior Staff Talks အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Parinya Khoonnasee ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်မှ Lt. Gen. Parinya Khoonnasee နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang နှင့် ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ တက်ရောက်ကြသည်။

ယင်းသို့ တွေ့ဆုံရာတွင် ထိုင်း Senior Staff Talks အဖွဲ့ခေါင်းဆောင် Lt. Gen. Parinya Khoonnasee က (၆) ကြိမ်မြောက် Senior Staff Talks အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးမှုနှင့် ရလဒ်ကောင်းများ ရရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး အားကစားအဖွဲ့များ စေလွှတ်မှုနှင့် တပ်မတော် မိသားစုများအပါအ၀င် အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များ ဆောင်ရွက်နိုင်မှု အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

ယင်းဆွေးနွေးချက် များအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုဆွေးနွေးပွဲ၏ ရလဒ်ကောင်းများကို အလေးထားပါကြောင်း၊ လက်တွေ့အကောင်အထည် ဖော်ဆောင်ရမည့် ကိစ္စရပ်များကိုလည်း မြန်မြန်ဆန်ဆန် ဆက်လက်လုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား လက်ရှိတာဝန်ယူဆောင် ရွက်နေသူများသည် လက်ရှိကာလ၏ အခြေအနေကောင်းကို ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ယင်းမှာ သမိုင်းတစ်ခုကို ရေးနေခြင်း ဖြစ်ကြောင်း၊ ထိုသို့နှစ်နိုင်ငံ သမိုင်းကြောင်း၊ တပ်မတော်နှစ်ရပ် သမိုင်းကြောင်းနှင့် နှစ်ဖက်လူပုဂ္ဂိုလ်များ၏ သမိုင်းကြောင်းများကို ကောင်းအောင် လုပ်ဆောင်ခြင်းဖြင့် နောင်လာမည့် မျိုးဆက်များ အနေဖြင့် ၎င်းအတွေ့အကြုံများ ကိုရယူပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Lt.Gen. Parinya Khoonnasee တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး တက်ရောက် လာကြသည့် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...