ရန်ကုန် ၅-၇-၂၀၁၇
One Championship (MMA) ပြိုင်ပွဲ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရရှိထားသော မြန်မာစပါးကြီးမြွေဟု တင်စားခြင်းခံရသည့် အောင်လအန်ဆန်၏ ပထမဆုံးချန်ပီယံ ကာကွယ်မည့်ပွဲစဉ်ကို နိုဝင်ဘာ ၄ ရက်တွင် မြန်မာနိုင်ငံ၌ လက်ခံကျင်းပမည် ဖြစ်ကြောင်း မြန်မာလက်ခမောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟထံမှ သိရသည်။
အောင်လအန်ဆန်သည် ဇွန် ၃ဝ ရက်က ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို မြန်မာနိုင်ငံ၌ စိန်ခေါ်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိကာ ချန်ပီယံရွှေခါးပတ်ကို လွှဲပြောင်းရယူ နိုင်ခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့မစ်ဒယ် ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန်သည် ချန်ပီယံရွှေခါးပတ်ကို ကာကွယ်ရတော့မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ အောင်လအန်ဆန်ရဲ့ ချန်ပီယံကာကွယ်ပွဲကို မြန်မာနိုင်ငံမှာပဲ ကျင်းပမှာပါ။ ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်မှာကျင်းပဖို့ အတည်ပြုပြီးပါပြီ။ နောက်တစ်ကြိမ် ချန်ပီယံသစ် အောင်လအန်ဆန်ရဲ့ပွဲကို ပရိသတ်တွေ အားပေးရဦးမှာပါ'' ဟု ဦးဇေသီဟက ပြောသည်။
အသက် ၃၂ နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် မြန်မာနိုင်ငံ၌ သုံးကြိမ်လာရောက် ယှဉ်ပြိုင်ထားပြီး ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်ခဲ့ကာ နောက်ဆုံးယှဉ်ပြိုင် ခဲ့သည့်ပွဲစဉ်တွင် ကမ္ဘာ့ချန်ပီယံကို အနိုင်ယူပြီး ချန်ပီယံရွှေခါးပတ် ကိုလွှဲပြောင်းရယူ နိုင်ခဲ့သူဖြစ်သည်။
#Themyawadydaily


No comments:
Post a Comment