Social Icons

Pages

Saturday, July 1, 2017

MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အား တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ဂုဏ်ပြု






နေပြည်တော် ၁-၇-၂၀၁၇

၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံအားကစားရုံကြီး၌ ကျင်းပပြုလုပ်သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်လုပွဲတွင် လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်သူ ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်အား မြန်မာအမျိုးသား ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သူ အောင်လအန်ဆန်က ၅ ချီအပြည့်ထိုးသတ်၍ အနိုင်ရရှိခဲ့ပါသည်။

ထိုသို့တစ်ဘက်ယှဉ်ပြိုင်ဘက်အား မြန်မာစိတ်နှင့် ဇွဲ၊ သတ္တိ၊ အားမာန်အပြည့်အ၀တို့ဖြင့် ရဲရဲဝံ့ဝံ့ယှဉ်ပြိုင်၍ မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်ကို ထုတ်ဖော်ပြသပြီး MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကြီးအား ထိုက်တန်စွာရယူ နိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစုများက လှိုက်လှဲစွာဂုဏ်ပြု၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၁၀၀ အား ယနေ့မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သက်ပုံက သွားရောက်ချီးမြှင့် ပေးအပ်သည်။

ထိုသို့ပေးအပ် ချီးမြှင့်ရာတွင် တိုင်းမှူးက အောင်လအန်ဆန်အား MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံ့ဂုဏ် ဆောင်နိုင်ခဲ့သောကြောင့် ၀မ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြိုင်ပွဲတွင်ရရှိခဲ့သည့် ထိခိုက်ဒဏ်ရာများလည်း အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည့် ဆုမွန်တောင်းစကားကို ဦးစွာပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့သည့် ဂုဏ်ပြုစာလွှာနှင့် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများက ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်ချီးမြှင့်ရာ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က လက်ခံရယူသည်။

ထို့နောက် အောင်လအန်ဆန်က ယခုလို ပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ မိသားစုအားလုံးကို အထူးပင်ကျေးဇူးတင် ရှိပါကြောင်း၊ မိမိအနေဖြင့်လည်း ယခုထက်နှစ်ဆ ပိုမိုကြိုးစားသွားမည် ဖြစ်ပါကြောင်း နှင့် ချန်ပီယံခါးပတ်ဆုကြီးအားလည်း ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ပါကြောင်းဖြင့် ပြန်လည်ပြောကြားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အမှတ်တရလက်ဆောင် လက်ဝှေ့အိတ်ကို ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...