Social Icons

Pages

Saturday, July 1, 2017

မြန်မာနိုင်ငံသား အားလုံးအတွက် ရည်ရွယ်ပြီး ရွှေခါးပတ် ချန်ပီယံရယူ ခဲ့တာပါလို့ ပြောတဲ့ အောင်လအန်ဆန်



ရန်ကုန် ၁-၇-၂၀၁၇

ONE Championship အဖွဲ့အစည်းကြီးက ကျင်းပသော LIGHT OF A NATION MMA ပြိုင်ပွဲကြီးကို ယနေ့ည ၆ နာရီခွဲတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ကျင်းပရာ အဆိုပါ ပြိုင်ပွဲကြီးတွင် လက်ရှိကမ္ဘာ့မစ်ဒယ် ဝိတ်တန်း ချန်ပီယံ ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ရကာ ချန်ပီယံခါးပတ် လွှဲယူရရှိခဲ့သည့် အောင်လအန်ဆန်နှင့် မေးမြန်းခဲ့ပုံကို တင်ပြလိုက်ရပါသည်-

မြဝတီ။ အောင်လအန်ဆန်ရဲ့ အားနည်းချက်လို့ ပရိသတ်တွေက သတ်မှတ်ထားတဲ့ လက်သီးထိုးတဲ့အပိုင်းကို ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်ပြီလား။
အောင်လအန်ဆန်။ နောက်ပိုင်းမှာ MMA ပြိုင်ပွဲတွေမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် ထိုးသတ်တဲ့အခါ အားပါလှတဲ့ လက်သီးများ ထိုးပြီး တိုက်ခိုက်ရန်အတွက် လက်သီး ထိုးမှု အားနည်းတဲ့ အပိုင်းကို အချိန်လေးလခန့် ယူပြီး လက်သီးထိုးမှု သင်ကြားပေးတဲ့ အမေရိကန်နိုင်ငံက Boxing နည်းပြတွေ ခေါ်ယူ လေ့ကျင့်ပြီး အားနည်းချက်ကို ပြင်ဆင်ထားပါတယ်။ နောက်ပိုင်း ကျွန်တော် ထိုးသတ်တဲ့MMA ပွဲတွေမှာ ကျွန်တော့်ရဲ့ ပရိသတ်တွေ အနေနဲ့ လက်သီးထိုးချက်တွေကို မြင်တွေ့ရမှာပါ။

မြဝတီ။ မြန်မာနိုင်ငံမှ MMA ကို စိတ်ဝင်စားတဲ့ ပြည်သူတွေကို တတ်ထားတဲ့ အတတ်ပညာတွေ မျှဝေပေးမယ့် အစီအစဉ်ရှိလား။
အောင်လအန်ဆန်။ အစီအစဉ်ရှိပါတယ်။ သိပ်မကြာခင် အချိန်ကာလမှာ မြန်မာနိုင်ငံမှာ အခြေစိုက်နေထိုင်ပြီး MMA သင်တန်းကျောင်း တစ်ခု တည်ထောင်ပြီး မြန်မာနိုင်ငံ အတွင်းမှာရှိတMMA ကို စိတ်ဝင်စားတဲ့ သူတွေကို တတ်ထားတဲ့ ပညာတွေ မျှဝေ သင်ကြားပေးဖို့ စဉ်းစားထားပါတယ်။ မြန်မာလူမျိုးထဲကနေMMA ကစားသမားကောင်း များစွာ ပေါ်ထွက် လာစေချင်ပါတယ်။

မြဝတီ။ မြန်မာနိုင်ငံ မြန်မာပရိသတ် အရှေ့မှာ အောင်လအန်ဆန် အနေနဲ့ MMပွဲတွေ ယှဉ်ပြိုင် ထိုးသတ်တဲ့အခါ စိတ်ထဲမှာ ခံစားရတဲ့ ခံစားချက်လေး ပြောပြပေးပါဦး။
အောင်လအန်ဆန်။ မြန်မာနိုင်ငံ မြန်မာပရိသတ် အရှေ့မှာ MMA ပွဲကို ယှဉ်ပြိုင် ထိုးသတ် ရတဲ့အခါ အရမ်းကို စိတ်လှုပ်ရှားပါတယ်။ မြန်မာ ပရိသတ်အတွက် နိုင်ပွဲတွေပဲ ယူပေးချင်တာပါ။ ဒါကြောင့် တာဝန်လည်း နည်းနည်း ကြီးတယ်လို့ မြင်ပါတယ်။ မြန်မာ နိုင်ငံသားတွေက အရမ်းကို အားပေးကြတဲ့ အတွက် ပွဲထိုးတဲ့ အခါမှာ ပရိသတ်ကြောင့်လည်း ခွန်အား တစ်ခုရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ မြန်မာ ပရိသတ်အရှေ့မှာ ထိုးရတာကို ကြိုက်နှစ်သက်ပြီး ပျော်ရွှင်ပါတယ်။

မြဝတီ။ ဗစ်တာလီကို အနိုင်ယူပြီး ရွှေခါးပတ် ရယူခဲ့နိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်ကို စကားလက်ဆောင် ပြောပေးပါဦး။
အောင်လအန်ဆန်။ ကျွန်တော်ဗစ်တာလီကို အနိုင်ထိုးပြီး ရွှေခါးပတ်ရယူတာက ကျွန်တော် တစ်ယောက်တည်းအတွက် ရည်ရွယ်ပြီး ရယူခဲ့တာမဟုတ်ပါဘူး။ မြန်မာ နိုင်ငံမှာ ရှိတဲ့ ပြည်သူတွေ အားလုံးအတွက် ရည်ရွယ်ပြီး ရယူခဲ့တာပါ။ ကျွန်တော် ဒီခါးပတ် ရယူရတဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုက မြန်မာနိုင်ငံကနေ ကမ္ဘာ့အဆင့်မီ အားကစားသမား တစ်ယောက် ပြည်သူအားလုံးကို ကိုယ်စားပြုပြီး ပေါ်ထွက်လာမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်လည်း ဗစ်တာလီဆီက ရွှေခါးပတ်ကို အရယူခဲ့တာပါ။

မြဝတီ။ ရွှေခါးပတ် ကာကွယ်မယ့်ပွဲကို ဘယ်အချိန်လောက် ထိုးဖြစ်မလဲ။
အောင်လအန်ဆန်။ အခုရရှိခဲ့တဲ့ ONE Championship ၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ကာကွယ်ပွဲကို နိုဝင်ဘာလမှာ မြန်မာနိုင်ငံမှာပဲ ယှဉ်ပြိုင် ထိုးသတ်မှာပါ။ဘယ်ကစားသမားနဲ့ ထိုးသတ်ရမလဲ ဆိုတာကို ပွဲချိန်နီးကပ်တဲ့ အချိန်ကြမှ သိရမှာပါ။

မြဝတီ။ မွေးရပ်မြေ ကချင်ပြည်နယ်ကို သွားလည်ဖို့ရော အစီအစဉ် ရှိပါသလား။
အောင်လအန်ဆန်။ အမေရိကန်မှာရှိတဲ့ ကျွန်တော့်မိန်းမနဲ့ သားကိုပါ တစ်ပါတည်း ခေါ်လာပြီး ဒီဇင်ဘာလမှာ ကချင်ပြည်နယ်ကို သွားလည်မှာပါ။ ကချင်ပြည်နယ် ရဲ့ထင်ရှားတဲ့ မြို့တွေကိုလည်း သွားလည်ဖြစ်မှာပါ။

မြဝတီ။ ရွှေခါးပတ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာမှ MMA ကစားသမားတွေနဲ့ ထိုးသတ်သွားဦးမှာလား။
အောင်လအန်ဆန်။ ရွှေခါးပတ်ကို ကာကွယ်ဖို့အတွက် နိုင်ငံတကာမှ နာမည်ကျော် MMA ကစားသမားတွေနဲ့ MMA ပွဲများစွာကို ယှဉ်ပြိုင် ထိုးသတ်သွားဦးမှာပါ။ ဒီခါးပတ်ကို ဘယ်အချိန်ထိ ကျွန်တော် ထိန်းထားနိုင်မလဲ ဆိုတာကိုတော့ ဘုရားကပဲ သိပါလိမ့်မယ်။

မြဝတီ။ MMA ကစားသမား ဘဝမှ နားပြီးရင် ဘဝကို ဘယ်လို ဖြတ်သန်းသွားဖို့ စဉ်းစားထားသလဲခင်ဗျာ။
အောင်လအန်ဆန်။ MMA ကစားသမား ဘဝမှနားပြီးရင် MMA ကစားသမားများစွာ ကို မွေးထုတ်ပေးနိုင်တဲ့ နည်းပြတစ်ဦး အနေနဲ့ ဘဝကို ဆက်လက် ဖြတ်သန်းပြီး ရပ်တည် သွားမှာပါ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...