Social Icons

Pages

Friday, July 14, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဇာခါပတ်တနမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဗီဇာခါပတ်တနမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်း၌ တက်ရောက်နေကြသည့် မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဗီဇာခါပတ်တနမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက ရှင်းလင်းပြသစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး Commanding Officer Captain Mukyl Surange  အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များနယူးဒေလီမြို့သို့ ရောက်ရှိရာတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်စဉ်။

နေပြည်တော် ၁၄-၇-၂၀၁၇

အိန္ဒိယနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဗီဇာခါပတ်တနမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေး သင်တန်းကျောင်းသို့ သွားရောက် လေ့လာကြရာ ကျောင်းအုပ်ကြီး Commanding Officer Captain Mukyl Surange နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သင်တန်းကျောင်း၌ တက်ရောက်နေကြသည့် မြန်မာ့တပ်မတော် (ရေ) မှ အရာရှိ၊ စစ်သည်များအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် မြန်မာ့ တပ်မတော်အနေဖြင့် တပ်မတော် (ရေ) ၏ စွမ်းအားမြှင့်တင်ရန် ခေတ်မီ တပ်မတော်ရေတပ် တည်ဆောက်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်များကို ပြည်တွင်း၊ပြည်ပ သင်တန်းများစွာ စေလွှတ်တက်ရောက် လေ့ကျင့်ပေး နေကြောင်း၊ ယင်းသင်တန်းများသည် အချိန်၊လုပ်အား၊ ငွေကြေးများ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရခြင်းဖြစ်၍ အကျိုးရှိအောင် လေ့ကျင့်လုပ်ဆောင်ရန် လိုကြောင်း၊ သက်ဆိုင်ရာနည်းပြများ၏ သင်ကြားပို့ချချက်များ ကိုအလေးထား၍ ကြိုးစားအားထုတ် လေ့လာကြရ မည်ဖြစ်ကြောင်း၊ သင်တန်း၏ စည်းမျဉ်းစည်းကမ်းများနှင့် နယ်မြေဒေသ၏ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေးစားလိုက်နာ ကြရမည်ဖြစ်ကြောင်း၊ ရာသီဥတု အပေါ်မူတည်၍ သင်တင့်မျှတသည့် စားသောက်နေထိုင်မှု၊ သွားလာလှုပ်ရှားမှုများ ဖြစ်စေရေး သင်တန်းသားတစ်ဦး တစ်ယောက်ချင်း ၀တ်စားဆင်ယင်မှုမှစ၍ ပြုမူပြောဆိုမှု များသည် မိမိတပ်ဖွဲ့အတွက်၊ မိမိတပ်မတော်အတွက်၊ မိမိနိုင်ငံအတွက် ဂုဏ်သိက္ခာကို စောင့်ထိန်း၍ ပြုမူလုပ်ဆောင်ရေး တို့အားမှာကြားသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများ အတွက် လက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်ပြီး သင်တန်း အစည်းအဝေးခန်းမတွင် Commander S Gantayat က ကျောင်းဌာနချုပ်၏ ဖွဲ့စည်းပုံနှင့် ဌာနအလိုက် သင်ကြားလေ့ကျင့် ပေးမှုအခြေအနေ များကို ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာ့တပ်မတော် သင်တန်းသားများ၏ သင်ကြားလေ့ကျင့်မှု အခြေအနေများကို မေးမြန်းပြီး အခြေခံမှစ၍ လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် တတ်ကျွမ်းစွာ လုပ်ဆောင်နိုင် စွမ်းရှိသည်အထိ သင်ကြားလေ့ကျင့်ပေးရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ယင်းနောက်သင်တန်း ကျောင်းအုပ်ကြီး မှ အထိမ်းအမှတ် တံဆိပ်ပေးအပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လက်ခံရယူပြီး လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်၍ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက် ကြသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီတွင် ဗီဇာခါပတ်တနမ်မြို့မှ အိန္ဒိယတပ်မတော်အထူး လေယာဉ်ဖြင့်ထွက်ခွာရာ အရှေ့ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ Rear Admiral Decpak Kepoor နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် နယူးဒေလီမြို့ သို့ရောက်ရှိရာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမောင်ဝေနှင့်ဇနီး၊ အိန္ဒိယတပ်မတော်ရေတပ်ဌာနချုပ်မှ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန၊ လက်ထောက် ရေတပ်ဦးစီးချုပ် Rear Admiral Dhiren Vig နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...