Social Icons

Pages

Wednesday, July 26, 2017

ကောလင်းမြို့နယ်တွင် ဒေါင်းမြူးချောင်း တောင်ကျရေ အန္တရာယ်ကာကွယ်ရန် ကြိုတင်အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေ



ကောလင်း ၂၆-၇-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပါက ဒေါင်းမြူးချောင်း တောင်ကျရေ အန္တရာယ်မှ ကင်းဝေးစေရန် မီးသတ်တပ်ဖွဲ့ဝင်များ ကားဖြင့်လှည့်လည်၍ ကြိုတင်အသိပေး ခြင်းလုပ်ငန်းများကိုယနေ့တွင် ဆောင်ရွက်နေကြောင်း ကောလင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

''လက်ရှိမှာတော့ ဒေါင်းမြူးချောင်းက စိုးရိမ်စရာမရှိသေးပါဘူး။ ဝန်းသိုမြို့ဘက်က ရေကျလာတဲ့ သတင်းကြောင့် ဒီနေ့နံနက်က မီးသတ်တပ်ဖွဲ့ဝင်တွေ မြို့ထဲလှည့် အသိပေးတယ်။ ချောင်းရေဆိုတာ တောင်ပေါ်မှာ မိုးများလာရင် ကျလာတတ်တာမို့ အားလုံးသတိရှိဖို့ပါ။ မြို့နယ်ချင်းလဲ ချိတ်ဆက် အသိပေးထားပါတယ်''ဟု ကောလင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယတပ်ကြပ် ဖြိုးကျောက် ပြောပြသည်။

ကောလင်းမြို့နှင့် ဝန်းသိုမြို့ တို့တွင် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သောမိုးကြောင့် ဒေါင်းမြူးချောင်း တောင်ကျရေ မြင့်တက်ပြီး ရေတာပေါင်ကျော် လာခဲ့သဖြင့် သဲအိတ်များကာရံ၍ ကာကွယ်ခဲ့ရကြောင်း သိရသည်။

''ကောလင်းမြို့မြောက်ဘက် ဝန်းသိုမြို့နယ်ထဲ မှာရှိတဲ့ မိုင်းသုန်းတောင်တန်း ကြီးမှာ မိုးရွာရင်မိုးရေက စီးလာတယ်။ ဒီနှစ်တော့ မြို့ထဲမှာ ရေနုတ်မြောင်းတွေ အများကြီး ဖောက်ထားပါတယ်။ရေနုတ်မြောင်း တွေကြောင့် ရေဝင်လာရင် ကာကွယ်သွားနိုင် ပါမယ်'' ဟု ကောလင်းမြို့ခံတစ်ဦးက ပြောပြသည်။

ဒေါင်းမြူးချောင်း တောင်ကျ ရေကြောင့် ဇူလိုင် ၂ဝ ရက်နှင့် ၂၂ ရက်မှစတင်၍ ကောလင်း မြို့နယ်၏ ဈေး၊ ရတနာဇေယျုံ ကျောင်းကြား၊ ပြင်ဦးလွင်ရပ်ကွက် အရှေ့ဖျား၊ ရှမ်းကုန်းစာသင်ကျောင်းအနီး စသည့်အနိမ့်ပိုင်းများတွင် ရေအမြင့် သုံးပေခွဲထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...