မန္တလေး ၅-၇-၂၀၁၇
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် အထပ်အရေအတွက်ထက် ကျော်လွန်ဆောက်လုပ်နေသည့် အဆောက်အအုံများကို ဒဏ်ကြေးငွေတိုးမြှင့် အရေးယူနေသော်လည်း လိုက်နာမှုအားနည်း နေသေးကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် မြို့နယ်ခြောက်မြို့နယ် အတွင်း၌ ယခင်က အဆောက်အအုံများ ဆောက်လုပ်ရာတွင် အများအားဖြင့်အထပ်မြင့် အဆောက်အအုံကို ငါးထပ်သာ ဆောက်လုပ်ရန် ခွင့်ပြုပေးထား သော်လည်း ကွင်းဆင်းစစ်ဆေးသည့် အခါခြောက်ထပ် ဆောက်လုပ်မှုများ တွေ့ရှိခဲ့သည့်အတွက် ၎င်းအဆောက်အအုံများကို တစ်ပေပတ်လည်လျှင် ငွေကျပ် ၂ဝဝခန့် ဒဏ်ငွေရိုက်အရေးယူ ခဲ့ကြောင်း သိရသည်။
ထိုသို့ အထပ်မြင့်အဆောက် အအုံများတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာစေရေး ၂ဝ၁၆ခုနှစ် ဧပြီလမှစ၍ ခွင့်ပြုမိန့်ထက် ပိုမိုဆောက်လုပ်ထားသည့် အထပ်မြင့်အဆောက် အအုံများကို ယခင်က တစ်ပေပတ်လည်လျှင် ဒဏ်ကြေး ငွေကျပ်၂ဝဝ အစား ငွေကျပ် ၁၅ဝဝဝထိ တိုးမြှင့်၍ ဒဏ်ကြေးငွေများ ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း အထပ်မြင့် အဆောက်အအုံများ တိုးမြှင့်ဆောက်လုပ် နေသေးသည်ကို တွေ့ရှိနေရ သည့်အတွက် စည်းကမ်းလိုက်နာမှု အားနည်းနေသေးကြောင်း သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ်ခြောက်မြို့နယ်တွင် ပုဂ္ဂလိက အဆောက်အအုံများမှာ ပြဿနာမရှိသော်လည်း အခန်းပေး၊ အခန်းယူ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များမှာ ခွင့်ပြုထားသည် ထက် အထပ်တိုးမြှင့်ဆောက်လုပ်မှု အများဆုံးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရသည်။
#yadanarpondaily
No comments:
Post a Comment