Social Icons

Pages

Saturday, July 8, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိ၊ ဗာရာဏသီရှိအထင်ကရ ဗုဒ္ဓ၀င်နေရာများအား သွားရောက်ဖူးမြော်ကြည်ညို


ဓာတ်တော်တိုက်အတွင်းရှိ မြတ်စွာဘုရားဓမ္မစကြာ တရားဦးဟောကြားနေသည့် ပုံတူဗုဒ္ဓရုပ်ပွားတော်မြတ်အား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်စဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံ ဂါရာလေဆိပ်သို့ရောက်ရှိစဉ်။

ဓမ္မရာဇိကစေတီတော်ကြီးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ရွှေသင်္ကန်းများကပ်လှူပူဇော်စဉ်။

ဓမ္မေခစေတီတော်ကြီးအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များက ဖူးမြော်ကြည်ညိုစဉ်။

ဓမ္မေခစေတီတော်ကြီးအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်စဉ်။


နေပြည်တော် ၈-၇-၂၀၁၇

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ဒေသစံတော်ချိန် ၉ နာရီတွင် အိန္ဒိယသမ္မတနိုင်ငံ၊ ဂါရာလေဆိပ် သို့ရောက်ရှိကြရာ အိန္ဒိယတပ်မတော် Gaya Officer Training Academy (OTA) မှ ဒုတိယကျောင်းအုပ်ကြီး Maj. Gen. K J BABU နှင့်ဇနီး၊ ကိုလ်းကတ္တားကောင်စစ်ဝန်ချူပ် ဦးပြည်စိုး၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။ ၎င်းမှ အိန္ဒိယတပ်မတော်အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ဗာရာဏသီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး No. 39 Gorkha Training Centre ကျောင်းအုပ်ကြီး Brig. Gen. RAHMAN နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မိဂဒါဝုန်ဥယျာဉ်သို့သွားရောက်၍ မြတ်စွာဘုရားရှင်မှ ပဉ္စ၀ဂ္ဂီ ၅ ပါးအား ဓမ္မစကြာတရားဦးဟောကြားခဲ့သည့် ဓမ္မရာဇိကစေတီတော်ကြီးအား ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်၍ ဖူးမြော်ကြည်ညိုသည်။ ဓမ္မရာဇိကစေတီနေရာသည် ဗုဒ္ဓဘုရား ရှင်တော်မြတ်မှ ဓမ္မစကြာတရားတော်ကို သံဃာများဖြစ်သည့် ပဉ္စ၀ဂ္ဂီ ၅ ပါးအား စတင်ဟောကြားခဲ့သည့် နေရာဖြစ်၍ ဗုဒ္ဓ သာသ နာစတင်ပေါ်ထွန်းရာ ဌာနဖြစ်သကဲ့သို့ ဘုရား၊ တရား၊ သံဃာဆိုသည့် ရတနာ ၃ ပါးလည်း စတင်ပေါ်ထွန်းခဲ့ခြင်းကြောင့် ရတနာ ၃ ပါးအစ မိဂဒါဝုန် ကဟုဆိုကြကြောင်း သိရှိရသည်။

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ဓမ္မေခစေတီတော်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းများကပ်လှူပူဇော်၍ စေတီတော်ကြီးအား လက်ယာရစ်ဖူးမြော်ကြည်ညို ကြသည်။ အဆိုပါ ဓမ္မေခစေတီတော်ကြီးသည် သာသနာနှစ်ပေါင်း ၂၀၀၀ ကျော်အတွင်း ဗာရာဏသီမြို့တွင် ထုထည်ကြီးမားစွာဖြင့် တစ်ဆူတည်းကျန်ရှိသည့် စေတီတော်ကြီးဖြစ်သောကြောင့် ဗုဒ္ဓသမိုင်းကို ထင်ထင်ရှားရှား ထုတ်ဖော်ပြသနေသည့် စေတီကြီးတစ်ဆူဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် မိဂဒါဝုန်ဥယျာဉ်အနီး သီရိလင်္ကာနိုင်ငံမှ တည်ထားကိုးကွယ်သည့် ဓာတ်တော်တိုက်အား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ဦးစွာ ဓာတ်တော်တိုက်အတွင်းရှိ မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ပုံတူဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က အလှူငွေများ ပေးအပ်လှူဒါန်းရာ ဓာတ်တော်တိုက်ဆရာတော်မှ ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ထို့နောက် ဓာတ်တော်တိုက် ပရိဝုဏ်အတွင်းရှိ မြတ်စွာဘုရားမှ ပဉ္စ၀ဂ္ဂီ ၅ ပါးအား ဓမ္မစကြာတရားဦး ဟောကြားနေသည့် ရုပ်ပွားတော်များကို ဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်ပြီး မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြတ်စွာဘုရားရှင်အား ပဉ္စ၀ဂ္ဂီ ၅ ပါးတို့မှ ခရီးဦးကြိုသည့် နေရာတွင် အထိမ်းအမှတ်အဖြစ် တည်ထားသည့် ချောက်ခဏ္ဏီစေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် ဗာရာဏသီမြို့အတွင်းရှိ ဆေးဝင်္ကပါ မြန်မာကျောင်းတိုက်သို့ သွားရောက်ကြသည်။ ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆေးဝင်္ကပါကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဒေါက်တာမဏ္ဍလ ထံသို့ သာသနာရေးဆိုင်ရာများနှင့် ဗာရာဏသီတွင် လာရောက်သတင်းသုံးကြသည့် သံဃာတော်များ၏ သီတင်းသုံးနေထိုင်မှု အခြေအနေများနှင့် ပတ်သက်၍ လျှောက်ထားမေးမြန်းသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ သံဃာတော်များအား ၀ါဆိုသင်္ကန်း၊ န၀ကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ အဆိုပါ ဗာရာဏသီရှိ ဆေးဝင်္ကပါကျောင်းတိုက် တွင် မြန်မာသံဃာတော်များသည် လွန်ခဲ့သည့် နှစ်ပေါင်း(၆၀)ကျော်မှစတင်၍ သီတင်းသုံးနေထိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...