Social Icons

Pages

Tuesday, July 4, 2017

မြန်မာဝတ်စုံများဖြင့် ပရိသတ်အားပေးမှုကိုရနေသည့် အေးဝတ်ရည်သောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း



သရုပ်ဆောင် အေးဝတ်ရည်သောင်းသည် လက်ရှိလူမှု ကွန်ရက်ပေါ်၌ မြန်မာဆန်ဆန် ၀တ်စုံများဖြင့် ပရိသတ်များ၏ အားပေးမှုကိုရရှိနေပြီး သူမ၏လတ်တလော အနုပညာလှုပ်ရှားမှုများနှင့် သူမအနေဖြင့် မြန်မာဆန်ဆန် ၀တ်စုံများကို နှစ်သက်စွာဝတ်ဆင်လာခြင်း နှင့်ပတ်သက်၍ ယခုလိုတွေ့ဆုံ မေးမြန်းခဲ့သည်ကို တင်ပြလိုက်ရပါသည်။

-လတ်တလော အနုပညာလုပ်ငန်းတွေ အကြောင်း ပြောပြပေးပါဦး။
-ရတနာပုံ ဇာတ်လမ်းတွဲ အပိုင်းကို လေးပိုင်းထပ်ရိုက် ပေးဖို့ရှိပါတယ်။ ပရိသတ်ကတောင်းဆိုလို့ ထပ်ရိုက်တာပါ။ နောက်ထပ် ဒီလကုန်ရင် မင်္ဂလာရှိသော အရပ်ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ပေးဖို့ရှိပါတယ်။

-တစ်ကျော့ပြန် ရုပ်သံဇာတ်လမ်းမှာ ပရိသတ်တွေက ပြန်ပြီးအားပေးတာ ဘာကြောင့်လို့ထင်လဲ။
-ရတနာပုံ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ဇာတ်ကောင်ရဲ့ သရုပ်ဆောင်မှုနဲ့ ကိုက်ညီလို့ သတိထားမိတာရယ်၊ မြန်မာဝတ်စုံ လေးတွေဝတ်လို့ သတိထားမိတာရယ် လို့လည်းပြော ကြပါတယ်။

-မြန်မာဝတ်စုံဝတ်ဖို့ ဘာကြောင့် စိတ်ကူးမိတာလဲ။
-ချည်ထည်လေးတွေကို ကြိုက်ပါတယ်။ ကိုယ့်အသက်အရွယ် ကြောင့်လည်း ပါပါတယ်။ နောက်တစ်ခုက ကိုယ်ဝတ်ရင်းနဲ့ ပထမက ကြိုက်လာတယ်။ ကြိုက်ရင်းနဲ့ တကယ့်ကို နှစ်နှစ်သက်သက် ၀တ်ဖြစ်သွားတာပါ။ ကိုယ်တိုင်က၊ ကိုယ့်စိတ်က နှစ်သက်မိတာပါ။

-ခေတ်ပေါ်ဒီဇိုင်းတွေ ၀တ်ရတာနဲ့ မြန်မာဝတ်စုံဝတ်ရတာ ခံစားချက် ကွာခြားလား။
-မြန်မာဝတ်စုံနဲ့ ခေတ်ပေါ်ဝတ်စုံ ၀တ်ရတဲ့ ကွာခြားချက်က အများကြီးရှိပါတယ်။ မြန်မာဝတ်စုံ ၀တ်တာကိုက ယုံကြည်မှုရှိလာပြီး စိတ်ထဲက လုံခြုံတယ်လို့ ခံစားရပါတယ်။ တစ်ခါတလေ မလိုက်ဖက်တဲ့ အတိုအပြတ် ၀တ်မိသွားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် နည်းသွားတယ်လေ။ မတ်တတ်ထရမှာ၊ လမ်းလျှောက်ရမှာ ရှက်တာမျိုးတွေ ဖြစ်ဖူးပါတယ်။

-နောက်ပိုင်း ဇာတ်ကားတွေ ရိုက်ရင်ရော မြန်မာဆန်ဆန် ၀တ်မှာလား။
-ဒါက ကိုယ်လက်ခံထားတဲ့ ဇာတ်ကောင်ပေါ် မူတည်နေတာပါ။ နိုင်ငံခြားက အလုပ်လုပ်ပြီး ပြန်လာတဲ့ ဇာတ်ကောင်ဆိုရင် သူ့စရိုက်အရ ၀တ်ချင်ဝတ်ရမှာပါပဲ။ ဒီတော့ရရှိလာတဲ့ ဇာတ်ကောင်စရိုက် ပေါ်မူတည်ပြီး သွားမှာပါ။

-အခုနောက်ပိုင်း မြန်မာဝတ်စုံကို မိန်းကလေးတွေ ကြိုက်နှစ်သက်စွာ ၀တ်ဆင်လာတဲ့အပေါ် သုံးသပ်ပေးပါဦး။
-သိပ်ပြီးတော့ ကောင်းပါတယ်။ ၀တ်ဆင်ရင်းက ကိုယ့်ရိုးရာကို ထိန်းပြီးသားဖြစ်သလို မြန်မာဝတ်စုံက အရေးပါပါတယ်။ ဘာလို့လဲဆိုရင် ထိုင်းနိုင်ငံမှာက သူတို့ရိုးရာဝတ်စုံ ၀တ်ပြီးလုပ်နေချိန်၊ ကြော်ငြာနေချိန်မှာ ကိုယ်တွေလည်း ကိုယ့်ဝတ်စုံဝတ်ပြီး ထိန်းသိမ်းပြီးသား ဖြစ်မယ်။ သဘောကျလို့ အားပေးပါတယ်။

-ချစ်သူကို ထုတ်ဖော်ပြောဖို့ ရှိပါသလား။
-ချစ်သူရှိပါတယ်။ ကိုယ်ကလည်း အရာရာကို သတိထားပြီး ထိန်းသိမ်းတော့ ကိုယ့်ချစ်သူကိုပြဖို့ မလိုအပ်ဘူးထင်လို့ပါ။ အချိန်တန်ရင်တော့ တွေ့ရမှာပါ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...