Social Icons

Pages

Thursday, June 8, 2017

တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်တစ်စင်းပျောက်ဆုံး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိ





နေပြည်တော် ၈-၆-၂၀၁၇

ယနေ့ ဇွန် ၇ ရက်တွင် ရန်ကုန်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန်ခရီးစဉ်အတိုင်း တပ်မတော်သားများနှင့် မိသားစုများအတွက် သက်သာချောင်ချိရေး ပို့ဆောင်ကြိုဆိုသော တပ်မတော်သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8 200 Fအမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂ဝ) သည်စစ်သည်/မိသားစု ၁ဝ၈ ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ ဦးအပါအဝင် ကုန်တန်ချိန် ၂ ဒသမ ၄ တန်ခန့် သယ်ဆောင်၍ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် မြိတ်မြို့မှ ရန်ကုန်မြို့သို့ စတင်ထွက်ခွာ ပျံသန်းခဲ့သည်။ အဆိုပါလေယာဉ်သည် အမြင့်ပေ ၁၈ဝဝဝ မှ ပျံသန်းခဲ့ရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထားဝယ်မြို့၏ အနောက်တောင်ဘက် ၁၉၅ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၄၃ မိုင်ခန့်အရောက်၌ ထားဝယ်လေဆိပ်နှင့် အဆက်အသွယ် ရရှိပြီးနောက်ပိုင်း ဆက်သွယ်မှုပြတ်တောက် သွားခဲ့သည်။

ထိုသို့ အဆက်အသွယ် ပြတ်တောက်ပြီးနောက် မွန်းလွဲ ၂ နာရီမှစတင်၍ တပ်မတော် (လေ)မှ လေယာဉ်များ၊ တပ်မတော်(ရေ)မှ ရေယာဉ်များ၊ မြေပြင်တပ်များဖြင့် အဆိုပါလေယာဉ်နှင့် နောက်ဆုံး အဆက်အသွယ် ရရှိခဲ့သည့် မြောက်လတ္တီတွဒ် ၁၃ ဒသမ ၄၈ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒသမ ဝ၂ဒီဂရီ နေရာတစ်ဝိုက်နှင့် လေယာဉ်ပျံသန်းရာ လမ်းကြောင်းတစ်လျှောက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားသည့် အချိန်တွင်ပင်လယ်ပြင် လှိုင်းလေအတန်ငယ် ရှိသော်လည်း ညနေ ၆ နာရီခန့်တွင် ရာသီဥတု ကောင်းမွန်သွားသဖြင့် ဒေသခံရေယာဉ်များပါ ပူးပေါင်း၍ ရှာဖွေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။လက်ရှိတွင် ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ် ကိုးစင်း၊ တပ်မတော်(လေ)မှ လေယာဉ်သုံးစင်းနှင့် မြေပြင်တပ်များ နေရာဖြန့်ခွဲ၍ ဒေသခံရေယာဉ်များနှင့်ပါ ဝိုင်းဝန်းပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ Y-8 200 F လေယာဉ်မှာ ၂ဝ၁၆ခုနှစ်၊ မတ်လတွင် နောက်ဆုံးရောက်ရှိခဲ့သည့် လေယာဉ်ဖြစ်ပြီး တပ်မတော် (လေ)တွင် ၈ဝ၉နာရီ ပျံသန်းအသုံးပြုခဲ့ ပြီးဖြစ်သည်။ ယခုခရီးစဉ်တွင် လေယာဉ်ပျံသန်းမှု အတွေ့အကြုံများရှိသည့် လေယာဉ်မှူးကြီး ယာယီဒုတိယ ဗိုလ်မှူးကြီးငြိမ်းချမ်း (လေယာဉ်မောင်းနှင် ပျံသန်းချိန် ၃၁၆၂ နာရီ)၊ တွဲဖက်လေယာဉ်မှူး ယာယီဒုတိယဗိုလ်မှူးကြီး စိုးသူဝင်း (လေယာဉ်မောင်းနှင် ပျံသန်းချိန် ၃၁၆၁ နာရီ )နှင့် တွဲဖက်လေယာဉ်မှူး ဗိုလ်မှူးသန့်ဇင်ဌေး (လေယာဉ် မောင်းနှင်ပျံသန်းချိန် ၂၄ဝ၃ နာရီ)၊ ပျံသန်းရေးအင်ဂျင်နီယာ ဗိုလ်ကြီးကျော်စိုးတို့က တာဝန်ယူပျံသန်း မောင်းနှင်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်အမှုထမ်း စုစုပေါင်း ၁၄ ဦးပါရှိသည်။လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များမှာ အရာရှိ/စစ်သည် ၃၅ ဦးနှင့် မိသားစုဝင် ကလေး ၁၅ ဦး(ကျား ခြောက်ဦး၊ မ ကိုးဦး)၊ လူကြီး ၅၈ ဦး(ကျား ၁၃ ဦး၊ မ ၄၅ ဦး) တို့ဖြစ်ပြီး စုစုပေါင်း ၁ဝ၈ ဦးပါရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...