Social Icons

Pages

Tuesday, May 23, 2017

တရားမဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများကြောင့် မြဝတီနယ်စပ် ကုန်သွယ်မှုစာရင်း ထိုင်းနိုင်ငံနှင့် နှစ်ဆနီးပါးကွာ



နေပြည်တော် ၂၃-၅-၂၀၁၇

မြန်မာ- ထိုင်းနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်သည့် မြဝတီကုန်သွယ် ရေးဇုန်၌ နှစ်နိုင်ငံဘက်မှ တရားဝင်ထုတ်ပြန် ထားသော ကုန်သွယ်မှုစာရင်း များအရ ကုန်သွယ်မှုနှစ်ဆနီးပါး အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ကျော် ကွာဟနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၆–၂ဝ၁၇ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုစာရင်း ထုတ်ပြန်ချက်မှာ အမေရိကန်ဒေါ်လာ သန်း ၉၂၈ ဒသမ ၆ဝဝ ခန့်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ တရားဝင်ထုတ်ပြန်မှု စာရင်းမှာ အမေရိကန် ဒေါ်လာ ၂၄၄ဝ ဒသမ ၇ဝ၉ သန်းခန့်ဖြစ်သည်။

''ကုန်သွယ်မှုစာရင်း ကွာခြားရတာတွေက တရားဝင်လမ်းကြောင်းကို ရှောင်ကွင်းပြီး တရားမဝင်လမ်း တွေကနေ ကုန်သွယ်နေတာ ကြောင့်လည်းပါတယ်။ သောင်ရင်းမြစ်ကို ဖြတ်ပြီး တရားမဝင် ကုန်သွယ်နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းက ၂၅ လမ်းလောက် အထိရှိတယ်လို့ သိရပါတယ်။ အဲဒီလမ်းကြောင်းတွေက ပွင့်လင်းရာသီမှာ ၂၂ ဘီးကားတွေပါ သွားလာ နိုင်တဲ့အထိ လမ်းပေါက်နေတာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြဝတီကုန်သွယ်ရေးဇုန်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ထိုသို့ တရားမဝင် ကုန်သွယ်မှု လမ်းကြောင်းများ ရှိနေသောကြောင့် ပြည်တွင်းမှ ထိုင်းနိုင်ငံနှင့် တရားမဝင် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၅၁၂ ဒသမ ၁ဝ၉ သန်းခန့်အထိ ကွာဟနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရှောင်ကွင်းလမ်းများမှ ကုန်သွယ် နေကြခြင်းမှာ တရားဝင် လမ်းကြောင်းမှ တင်သွင်း၊ တင်ပို့ပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း ကြောင့်ဖြစ်ကြောင်း မြဝတီမြို့၌ ကုန်ရောင်း၊ ကုန်ဝယ်လုပ်နေသည့် ကုန်သည်များထံမှ သိရသည်။

တရားမဝင်ကုန်သွယ်ရေး လမ်းကြောင်းမှ ကျွဲ၊ နွားနှင့် ကျောက်မျက်ရတနာ ကဲ့သို့ကန့်သတ် ကုန်စည်များ တင်ပို့နေကြပြီး ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်း အမျိုးမျိုး တင်သွင်းနေကာ တရားမဝင်ကုန်သွယ်ရေး နှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနများသို့ တင်ပြထားပြီးဖြစ်ကြောင်း ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးသန့်ဇင်အောင် ကပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...