Social Icons

Pages

Tuesday, May 23, 2017

မြန်မာ့လက်ဖက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ရန် လက်ဖက်စိုက် တောင်သူများနှင့် စံပြလက်ဖက်စက်ရုံ တည်ဆောက်၍ ဆောင်ရွက်နေ



မန္တလေး ၂၃-၅-၂၀၁၇

မြန်မာနိုင်ငံရှိ လက်ဖက်ကို ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) စီးကျအင်းကျေးရွာတွင် လက်ဖက်စိုက် တောင်သူများနှင့် ပူးပေါင်း၍ လက်ဖက်စက်ရုံ တည်ထောင်ကာ ဆောင်ရွက်နေကြောင်း မြန်မာ့လက်ဖက် အစုအဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) စီးကျအင်းကျေးရွာတွင် ကမ္ဘာ့ဈေးကွက် တန်းဝင် လက်ဖက်ခြောက်ရရှိရန် လက်ဖက်စိုက်ဧက ၁ဝဝကျော်၊ လက်ဖက်စိုက် တောင်သူဦးရေ ၁ဝဝ ကျော်ဖြင့် ဂျာမန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (GIZ) အကူအညီဖြင့် စံပြလက်ဖက်စက်ရုံ တည်ထောင်ကာ ဆောင်ရွက်လျက်ရှိပြီး ဂျာမနီနိုင်ငံသို့ စမ်းသပ်တင်ပို့ လျက်ရှိကြောင်း အဆိုပါအစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းအောင်က ပြောပြသည်။

''GIZ အဖွဲ့က မြန်မာ့လက်ဖက်ခြောက်ကို Organic Certificate ရအောင်လဲ ကုန်ကျစရိတ်ကျခံပြီး ကူညီပေးနေတယ်။ စံပြစက်ရုံ တည်ထောင်ပြီး စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေးတွေမှာ နည်းပညာရှင်တွေနဲ့ အဆင့်မြှင့် ဆောင်ရွက် နေတာပါ။ ဂျာမနီကို လက်ဖက်ခြောက် အစမ်းအော်ဒါ တစ်တန်ခွဲတင်ပို့ပြီး သွားပြီ။ အနံ့ပိုင်းနည်းနည်း လိုအပ်ချက် ရှိနေလို့ ပြုပြင်ပြီး ထပ်စမ်းပို့ပေး ရဦးမှာပါ''ဟု ၎င်းက ပြောပြသည်။

GIZ အဖွဲ့မှ ဂျာမနီနိုင်ငံရှိ ထိပ်တန်း ၁ အသ ၅ အဆင့်ရှိ ''တီးဝါးနား'' Tea Company တစ်ခုဖြင့် ချိတ်ဆက်ဆောင်ရွက် ပေးထားပြီး ဂျာမနီနိုင်ငံသို့ တင်ပို့နိုင်ရန် ကူညီဆောင်ရွက် ပေးနေကာ ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ်က အစမ်းအော်ဒါ တစ်တန်ခွဲ တစ်ကြိမ်တင်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ဖက်ကို ပြည်ပသို့ တင်ပို့နိုင်သည့် အတွက်ဈေးနှုန်း ပိုမိုရရှိပြီး ဆက်လက်၍ Export ဈေးကွက်ရရှိရန် လက်ဖက်စိုက်ပျိုးရေး နှင့်ထုတ်လုပ်မှု နည်းစနစ်များ ကိုအဆင့်မြှင့်သွားမည် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ်မှ စတင်၍ ဇယန်းလက်ဖက်အစိုကို Organic Certificate ရရှိရန် ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံသို့ နှစ်ကြိမ်စုစုပေါင်း တန်ချိန် ၂၅တန်တင်ပို့ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ဖက်မှာ ရှမ်းပြည်နယ်မှ အများဆုံးစိုက်ပျိုး ထုတ်လုပ်ပြီး လက်ဖက်စိုက်ဧက ရှစ်သိန်းခန့်ရှိကာ ဒေသအလိုက် လက်ဖက်အစုအဖွဲ့ များစွာရှိကြောင်း မြန်မာ့လက်ဖက်အစု အဖွဲ့ထံမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...