Social Icons

Pages

Saturday, May 13, 2017

တိုင်းပြည်ငြိမ်းချမ်းရေးရရှိပြီး လူမှုစီးပွားအကြပ်အတည်း အခက်အခဲများ ပပျောက်အောင် ရည်မှန်းလုပ်ဆောင်နေ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျီနီဗာမြို့အခြေစိုက် International Committee of the Red Cross (ICRC) အဖွဲ့၏ ဥက္ကဌ Mr.Peter Maurer အားလက်ခံတွေ့ ဆုံစဉ်။

နေပြည်တော် ၁၃-၅-၂၀၁၇

လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွင် လူမှုစီးပွား အခက်အခဲများကြောင့် ICRC ၏ လုပ်ငန်းများ ဆောင်ရွက်ပေး နေသည်ကို နားလည်ပါကြောင်း၊ သို့ဖြစ်၍ လူမှုစီးပွား အခက်အခဲများ မရှိစေရေး တပ်မတော် အနေဖြင့်လည်း ၀ိုင်းဝန်းကြိုးစား လုပ်ဆောင်လျက် ရှိကြောင်း၊ လူမှုစီးပွား အခက်အခဲ ပပျောက်ရေး၏ အခြေခံအချက် တစ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်၍ ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိပါက လူမှုစီးပွားအကြပ် အတည်းများစွာ ချုပ်ငြိမ်းသွားမည်ဖြစ်၍ မိမိတို့၏ ရည်မှန်းချက်မှာ တိုင်းပြည်ငြိမ်းချမ်းရေး ရရှိပြီး လူမှုစီးပွား အကြပ်အတည်း အခက်အခဲများ ပပျောက်ရေးပင် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၁၀ နာရီတွင် ဂျီနီဗာ
မြို့အခြေစိုက် International Committee of the Red Cross(ICRC) အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ Mr.Peter Maurer ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်
ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ICRC အဖွဲ့ဥက္ကဋ္ဌ နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Juerg Montani နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ICRC သည် ကမ္ဘာ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ထင်ရှားသည့် ကမ္ဘာ့အဖွဲ့အစည်း တစ်ခုဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ICRC လုပ်ငန်းများစွာရှိပြီး တပ်မတော် အနေဖြင့်လည်း ICRC နှင့်လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင် နေကြောင်း ဦးစွာဆွေးနွေး ပြောကြားသည်။

ထို့နောက် ICRC ဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ICRC လုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်မှာ နှစ်ပေါင်း ၃၀ ကျော်
ပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၅ နှစ်မှစတင်၍ လုပ်ငန်းများ ပိုမိုတိုးတက်များ ပြားလာပြီး ရုံးခွဲ ၁၀ ခု၊ ၀န်ထမ်းအင်အား ၅၀၀ ကျော်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ အထူးသဖြင့် ကချင်၊ ရှမ်း၊ ရခိုင်ပြည်နယ် များတွင် အပြုသဘော ဆောင်သော လုပ်ငန်းများ လုပ်ဆောင် နေကြောင်း၊ ICRC သည် အခြားအဖွဲ့အစည်းများ နှင့်မတူဘဲ သီးခြားသဘော သဘာဝများ ရှိကြောင်း ရှင်းလင်း ဆွေးနွေး၍ မြန်မာနိုင်ငံ အနေဖြင့် အထူးကောင်းမွန်သည့် တိုးတက်ဖြစ်ထွန်း မှုများကို တွေ့မြင်ရပါကြောင်း၊ အထူးသဖြင့် စီးပွားရေး ဖြစ်ထွန်းမှုသည်တိုင်းပြည်ကို ရှေ့ဆက်ဖွံ့ဖြိုး တိုးတက်စေပြီး အချို့လက်နက်ကိုင် ပဋိပက္ခ တင်းမာမှု များကိုပါ လျှော့ချနိုင် ပါကြောင်း၊ မြန်မာ့တပ်မတော်၏ ထူးခြားသည့် အခန်းကဏ္ဍ ကိုလည်း အသိအမှတ် ပြုပါကြောင်း၊ ICRC နှင့် ပူးပေါင်း ဆောင်ရွက်မှုများ အတွက်လည်း အားရကျေနပ်၍ ကျေးဇူးတင်ရှိ ပါကြောင်း၊ တပ်မတော်နှင့် ICRC အ
ကြား ဆက်ဆံမှု နယ်ပယ် အဆင့်ဆင့်တွင် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် ဆောင်ရွက် လိုပါကြောင်း၊ ပဋိပက္ခ တင်းမာသည့် နေရာများသို့ သွားရောက်ရေး အတွက် ကူညီပေးစေ လိုကြောင်း၊
 မြေမြှုပ်မိုင်းရှင်း လင်းရေး ကိစ္စရပ်များ၊ ကိုယ်ကာယ ပြန်လည် သန်စွမ်းရေးနှင့် ခြေတုလက်တုတပ် ဆင်ရေးကိစ္စရပ် များတွင် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

အဆိုပါ ဆွေးနွေးမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကြက်ခြေနီလုပ်ငန်း များသည် လူငယ်များစွာနှင့် အကျွမ်းတ၀င် ရှိကြောင်း၊ တပ်မတော်သားများ ကိုလည်း ရှေးဦးသူနာ ပြုလုပ်ငန်းများကို သင်ကြားလေ့ကျင့်ပေး နေကြောင်း၊ တပ်မတော်လုပ်ငန်း တာဝန်သုံးရပ်မှာ နိုင်ငံတော် ကိုကာကွယ်ရန်၊ လေ့ကျင့်ရန်၊
 ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန် တို့ဖြစ်ကြောင်း၊ ကြက်ခြေနီ လုပ်ငန်းများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အကျုံးဝင်ကြောင်း၊ ကြက်ခြေနီ လုပ်ငန်းများအား စိတ်ဝင်စား ပါကြောင်း၊ သို့သော် ယင်းလုပ်ငန်း များသည် နိုင်ငံ၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုပ်ဆောင်ခြင်း သာဖြစ်ပြီး နိုင်ငံရေးကိစ္စများ မပါစေရန် သတိထား ရမည် ဖြစ်ကြောင်း၊ လူမှုစီးပွား အကြပ်အတည်းများ ပပျောက်ရေး အတွက် အပြုသဘော ဆောင်ရွက်နေခြင်း ဖြစ်၍ ကောင်းမွန်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ သွားရောက် လုပ်ငန်းဆောင်ရွက် ရာတွင် ဒေသအာဏာ ပိုင်အဖွဲ့အစည်း များ၏ လက်ခံမှုနှင့် လုံခြုံရေးအရ စိတ်ချရမှုရှိရန် လိုကြောင်း၊ သောင်းကျန်းသူ အဖွဲ့များ၏ သဘောသဘာဝ အရစည်းကမ်း ပိုင်းဆိုင်ရာ အားနည်းကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း အရှေ့မြောက် ဒေရှိတိုက်ပွဲ နယ်မြေသို့ ကြက်ခြေနီ အလံလွှင့်၍ ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကြက်ခြေနီ တပ်ခွဲမှုးတစ်ဦး သောင်းကျန်းသူ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များက ထောက်ခံပါက တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ICRC ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီပေးမှုများ နှင့်ပတ်သက်၍ အမှန်တကယ် လိုအပ်နေသူများကိုသာ ပေးစေလိုကြောင်း၊ မြေပြင်တွင် ၎င်းတို့မရရှိဘဲ သောင်းကျန်းသူများ ထံမှ ပြန်လည်ရယူ နေရသည်များရှိကြောင်း၊ တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာပြီး တိုင်းပြည်ကို ကာကွယ်ရန် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ၀င်ရောက်လာသူ များဖြစ်၍ ကြေးစားများ မဟုတ်ပါကြောင်း၊ ပြည်သူလူထုအား ဆင်းရဲဒုက္ခ ဖြစ်စေလိုသည့် အဖွဲ့အစည်း မဟုတ်ပါကြောင်း၊ မိမိတို့ အတွေ့အကြုံအရ သောင်းကျန်းသူများ၏ မရိုးသားမှုများကိုတွေ့ရကြောင်း၊ ဒုက္ခသည်အမည်ခံ၍ စခန်းဖွင့်လှစ်ထားမှုများ၊ ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူထားမှုများ၊ ၎င်းတို့အတွက် အကာအကွယ်ရရန် ဒုက္ခသည်များအား ပြန်လွှတ်နိုင်သော်လည်း အထောက်အပံ့ရရန်အတွက် မလိုအပ်ဘဲ IDP Camp များ ဖွင့်လှစ်ထားမှု များရှိပါကြောင်း၊ တစ်ဖက်တွင်လည်း တစ်ချို့ဒုက္ခသည် များသည် အကြောင်း အမျိုးမျိုးဖြင့် ဒုက္ခသည် စခန်းများတွင် ဆက်လက် နေထိုင်လိုမှုများ ရှိနေသောကြောင့် IDP ကိစ္စရပ်များအား မှန်ကန်စွာချိန်ဆ၍ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ပြောကြားရာတွင် ရခိုင်ဒေသ၌ ဒေသခံ တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအကြား ပြဿနာများ ဖြစ်ပွားနေကြောင်း၊ လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးခြင်းအား ကန့်ကွက်ရန် မရှိသော်လည်း ထောက်ပံ့မှုအတွက် မှတ်တမ်းမှတ်ရာများနှင့် စာရင်းဇယားများ ပြုစုလုပ်ဆောင်ရန်လိုကြောင်း၊ သို့မှသာ လူဆိုး၊ လူကောင်းခွဲခြား နိုင်မည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နောက်ပိုင်း လူ ၃၀ ခန့်အသတ်ခံရပြီး ၁၀ ဦးခန့်ပျောက်ဆုံးနေကြောင်း၊ ထိခိုက်ဒဏ်ရာရမှုလည်း အများအပြားရှိပြီး လုံခြုံရေးထိခိုက်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ သို့ဖြစ်၍ ဒေသအစိုးရ အဖွဲ့အစည်း သက်ဆိုင်ရာ ၀န်ကြီးဌာန၊ ဖွဲ့စည်းပေးထားသည့် ကော်မရှင်များ နှင့်ဆက်သွယ် လုပ်ဆောင် စေလိုကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း တတ်နိုင်သမျှအကူ အညီပေးမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

ထို့အတူ ICRC မှ ဆွေးနွေး တင်ပြထားသည့် ထိတွေ့ ဆက်ဆံမှု နယ်ပယ် အဆင့်ဆင့်တွင် Contact Person များထား၍ ဆက်ဆံရေး၊ မိုင်းရှင်းလင်းရေး ကိစ္စရပ်များ အားလည်း မိမိတို့အနေဖြင့် လုပ်နိုင်သည် များအား ပူပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ မှန်မှန်ကန်ကန် ဖြစ်မြောက်ရန်သာ အရေး
ကြီးကြောင်း၊ ခြေတုလက်တု တပ်ဆင်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ထိခိုက်ဒဏ်ရာ ရရှိသူများနှင့် အရပ်ဖက်ကို အဓိကထား ကူညီဆောင်ရွက် ပေးစေလိုကြောင်း ပြန်လည် ဆွေးနွေးသည်။

ထို့နောက် ICRC ဥက္ကဋ္ဌမှ ICRC ၀န်ထမ်းများအနေဖြင့် ကမ္ဘာပေါ်ရှိ ဆီးရီးယားနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ ယီမင်နိုင်ငံကဲ့သို့ လုံခြုံရေးအတွက် အန္တရာယ်ကြီးမားသော နေရာများတွင် လုပ်ငန်းအတွေ့အကြုံ ရှိသူများဖြစ်၍ မြန်မာနိုင်ငံ အတွင်း ပဋိပက္ခတင်းမာသော နေရာများသို့ လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခွင့် ပြုစေ
လိုကြောင်း ဆွေးနွေးတင် ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အဆိုပါနေရာများမှာ ပြည်တွင်းစစ် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းစစ် မဟုတ်ဘဲ အစွန်ဖျားရှိ တစ်ချို့နေရာများ 
တွင်သာ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခဖြစ်ပွား ခြင်းဖြစ်၍ နိုင်ငံရေး Impact များရှိကြောင်း၊ နောက်ကွယ်တွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်း မျိုးစုံ ပါဝင်နေ၍ အခြေအနေများစွာ ရှုပ်ထွေးနိုင်ကြောင်း ဖြစ်နိုင်သမျှ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ ၊ တိုက်ရိုက်တာဝန်ယူ ဆောင်ရွက်နေသော ၀န်ကြီးဌာန၊ ဒေသခံတပ်မှူးများ၏ အကြံပြုချက်များဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

IDP Camp များထားရှိမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့နိုင်ငံ တွင်လည်း အဓိကမှာ ငြိမ်းချမ်းရေးရရှိရန် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို ရအောင်လုပ်ဆောင်၍ ၎င်းတို့အခြေချမည့် နေရာတွင် နေထိုင်စေပြီး လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ICRC အဖွဲ့၏ဥက္ကဋ္ဌအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းသတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...