Social Icons

Pages

Monday, May 29, 2017

ပန်ပက်ကျေးရွာကို ခရီးသွားလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်လာစေရေး အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် ဒေသခံများတောင်းဆိုထား



ဒီးမော့ဆို ၂၉-၅-၂၀၁၇

လူဦးရေ ၆ဝ သာကျန်ရှိတော့သည့် ကယန်းလူမျိုးများ နေထိုင်သည့် ပန်ပက်ကျေးရွာကို ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရထံ ဒေသခံများက တောင်းဆို ထားကြောင်း ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင် ရိုးရာယဉ်ကျေးမှု ပစ္စည်းများရောင်းချ နေသည့် ဒေါ်ရိကပြောပြ၍ သိရသည်။

ကယားပြည်နယ်တွင် လွန်ခဲ့သည်နှစ်ပေါင်း ၆ဝခန့် ကတည်းက ကယန်းလူမျိုး အများအပြား နေထိုင်ခဲ့ကြရာ စီးပွားရေး အဆင်မပြေမှုများနှင့် အခြားအခက်အခဲ များကြောင့် ၎င်းကျေးရွာတွင် နေထိုင်သည့် ကယန်းလူမျိုးတချို့မှာ လုပ်ငန်းရှင်တချို့၏ အဆက်အသွယ်ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ သို့သွားရောက်ကာ ၎င်းတို့၏ရိုးရာ ယဉ်ကျေးမှုပုံစံနှင့် အခြားလက်မှု ပညာဖြင့်ပြုလုပ်ထား သောပစ္စည်းများကို ရောင်းချခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကယန်းလူမျိုးတချို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ သွားရောက်အလုပ် လုပ်ကိုင်ကြသဖြင့် ဒီးမော့ဆိုမြို့နယ် ပန်ပက်ကျေးရွာတွင် ကယန်းလူမျိုးဦးရေ ၆ဝခန့်သာကျန်ရှိ တော့ကြောင်း၊ ၎င်းကျန်ရှိနေသည့် ကယန်း လူမျိုးများက ယင်းတို့၏မျိုး နွယ်စုများတစ်စု တစ်စည်းတည်း ပြန်လည်နေထိုင်ခွင့် ရရှိနိုင်ရန် ၂ဝ၁၅ ခုနှစ်မှစ၍ ပန်ပက်ကျေးရွာအနီးရှိ နှစ်ဧကနီးပါး ကျယ်ဝန်းသော မြေပေါ်တွင် ကယန်းရိုးရာ ယဉ်ကျေးမှု ပစ္စည်းများကို ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ ခဲ့ကြကြောင်း၊ ထို့ပြင် ပန်ပက်ကျေးရွာမှာ ယခင်ကလမ်းပိုင်းများ ကောင်းမွန်မှုမရှိ သည့်အတွက် နိုင်ငံတော်အစိုးရ ထံတင်ပြခဲ့ရာ လမ်းများဖောက်လုပ် ပေးခဲ့ကြောင်း သိရသည်။

''လမ်းပိုင်းတွေကတော့ အနည်းငယ်ကောင်းမွန် လာပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် တွေကတော့ ခရီးသွားရာသီမှာ အနည်းစုလောက်ပဲ လာကြပါတယ်။ ကယန်းလူမျိုးတွေ ရှိနေသေးတယ် ဆိုတာကိုတော့ သိပ်မသိကြသေးပါဘူး။ပြီးတော့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ လျှပ်စစ်မီးတွေရရှိ အောင်ဆောင်ရွက် ပေးဖို့ကအဓိကကျပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်အထည် ဖော်ဆောင်ရွက်ပေး စေလိုပါတယ်''ဟု ၎င်းကျေးရွာ၌ ရိုးရာယဉ်ကျေးမှု ပစ္စည်းများရောင်း ချနေသည့် ဒေသခံတစ်ဦးက ပြောပြသည်။

အဆိုပါပန်ပက်ကျေးရွာတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သွားရောက်အလုပ်လုပ် ကိုင်နေသည့် ကယန်းလူမျိုးများမှာ မိမိတို့နေရပ်သို့ ပြန်လည်ရောက်ရှိ လာမည်ဖြစ်ပြီး ၎င်းကျေးရွာ ၌ ယန်းရိုးရာယဉ်ကျေးမှု ပစ္စည်းများကို ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများ များပြားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် အခြားလယ်ယာလုပ်ငန်း များကိုပါ တစ်ပါတည်းလုပ်ဆောင်လာ ကြမည်ဖြစ်သည့်အပြင်မိမိတို့ ကယန်းလူမျိုးစုများမှာလည်း တိမ်မြုပ်ပျောက်ကွယ် သွားတော့မည်မဟုတ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကယားပြည်နယ်ဒီး မော့ဆြိုမို့နယ် ပန်ပက်ကျေးရွာတွင် ကျန်ရှိနေသည့် ကယန်းလူမျိုးများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် ဈေးဆိုင်များဖွင့်လှစ်ကာ ရိုးရာယဉ်ကျေးမှုပစ္စည်း များဖြစ်သည့် ချည်ထည်နှင့် အခြားပစ္စည်းများကို ကိုယ်တိုင်ရက်လုပ် ရောင်းချနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...