Social Icons

Pages

Friday, April 7, 2017

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေး၍ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းလုပ်ဆောင်နေ ၊ UNICEF ၏ လုပ်ငန်းဆောင်ရွက်မှုများတွင်လည်း ပူးပေါင်းလုပ်ဆောင်မည်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၊ ၇-၄-၂၀၁၇

လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ယှဉ်တွဲဆောင်ရွက်ရာတွင် စာနာစိတ်ဖြင့် ချိန်ထိုးစဉ်းစား လုပ်ဆောင်နေကြောင်း ၊ တပ်မတော် အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေး၍ အကောင်းဆုံး ဖြစ်အောင် ကြိုးပမ်း လုပ်ဆောင် နေကြောင်း၊ UNICEF ၏လုပ်ငန်း ဆောင်ရွက်မှုများတွင်လည်း အတတ်နိုင်ဆုံး ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ UNICEF ၏ Deputy Executive Director Mr. Robert Justin Alexander Forsyth အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး UNICEF ၏ Deputy Executive Director နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Bertrant Bainvel တို့ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က UNICEF သည် ကုလသမဂ္ဂ၏ ထင်ရှားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာ့တတိယနိုင်ငံ များကို များစွာ အထောက်အကူပြု နေသည့်အဖွဲ့လည်း ဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား လုပ်ဆောင်နေသည်ကို တွေ့ရှိပါကြောင်း၊ ကလေးသူငယ်များ ကောင်းမှသာ တိုင်းပြည်၏ အနာဂတ် ကောင်းမွန်မှာ ဖြစ်ကြောင်း၊ ၂ဝ၁၁ ခုနှစ်နောက်ပိုင်းတွင် တပ်မတော် အနေဖြင့်လည်း ကလေးစစ်သား ပပျောက်ရေး အတွက် UNIEF နှင့် တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး မိမိတို့အပိုင်းမှ လုပ်ဆောင်ချက် များကို ကျေနပ်မှုရှိကြောင်း၊ UNIEF အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက် ပိုမိုကောင်းမွန်သည့် အခွင့်အရေး ရရှိအောင် ရည်ရွယ်လာ ရောက်ခြင်းအား ကြိုဆိုပါကြောင်း ပြောကြားသည်။

ထို့နောက် Mr. Robert Justin Alexander Forsyth က UNIEF သည် မြန်မာနိုင်ငံ အစိုးရနှင့် ၆၅ နှစ်ကျော် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ကလေးသူငယ် များစွာ၏ အသက် ကယ်ဆယ်မှုများ ပြုလုပ်နိုင်ခဲ့ကြောင်း၊ လက်ရှိ တွင်လည်း ကျန်းမာရေး၊ ပညာရေး၊ အာဟာရ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများအား အစိုးရနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ မြန်မာ့တပ်မတော် အနေဖြင့် ကလေးစစ်သား ပပျောက်ရေးတွင် အင်တိုက်အား တိုက်ပူး ပေါင်းဆောင်ရွက်မှု များအတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ဆက်လက်၍လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရှိ ကလေးစစ်သား များနှင့် ပတ်သက်၍ သဘောထားအမြင်နှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် များတွင် လူသားချင်းစာနာမှု ကိစ္စရပ်များ၊ နိုင်ငံသားဖြစ်မှု ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးသည်။

ယင်းမေးမြန်း ဆွေးနွေးမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဆွေးနွေး ရာတွင် မကြာမီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် NCA ကို လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များမှ နောက်ထပ်အဖွဲ့ ၅ ဖွဲ့နှင့် ထပ်မံလက်မှတ် ရေးထိုးနိုင်မည် ဟုယုံကြည်ပြီး ယင်းတို့အား NRPC က ဦးစီး လုပ်ဆောင်နေကြောင်း၊ NCA လက်မှတ်ရေးထိုး ပြီးပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ DDR ၊ SSR လုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်၍ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ကလေးစစ်သား ကိစ္စရပ်များပါ တစ်ပါတည်း ပြီးပြတ်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ကလေးစစ်သား ဖြစ်စဉ်များသည် ယင်းတို့၏လူမှုစီးပွားကို ထိခိုက်နစ်နာစေသည့် အပြင် တပ်မတော်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သောကြောင့် တပ်မတော်အနေဖြင့် အကောင်းဆုံးဖြေရှင်း ဆောင်ရွက် နေကြောင်း၊ ဖြစ်စဉ်အနည်းငယ် မျှသာကျန်ရှိပြီး အမြန်ပြီးပြတ် သွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား လုပ်ဆောင်နေကြောင်း ထည့်သွင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပတ်သက်၍ နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင် နေကြောင်း၊ အဓိကမှာ စာရင်းဇယား အချက်အလက် မှန်ကန်စွာ ရရှိရေးဖြစ်ကြောင်း၊ ယင်းတို့အား လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးရမည်ကို နားလည်ပါကြောင်း၊ ဥပဒေနှင့်အညီ စာရင်းဇယားများ ဆောင်ရွက် ပေးရန် ကြိုးစားနေခြင်း ဖြစ်ပြီး ဆက်လက်၍ ဥပဒေအရ ပေးရမည့် အခွင့်အရေး များကို ဆောင်ရွက်သွားရန် ရှိကြောင်း ဆွေးနွေး ပြောကြားသည်။ ဆက်လက်ပြီး မိမိတို့အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အကောင်းဆုံး ကြိုးစားလုပ်ဆောင် နေကြောင်း၊ တချို့နေရာ များတွင် လုံခြုံရေးရှုထောင့်မှ ကာကွယ်လုပ်ဆောင် ရသည်များလည်း ရှိကြောင်း၊ တစ်ဖက်တွင်လည်း တပ်မတော် အနေဖြင့် ဒေသဖွံ့ဖြိုးရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား လုပ်ဆောင် နေကြောင်း ရှင်းလင်း ပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် UNICEF ၏ Deputy Executive Director တို့သည် အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...