Social Icons

Pages

Sunday, April 9, 2017

တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်




နေပြည်တော် (၉-၄-၂၀၁၇)

ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)သည် ဧပြီ ၇ ရက်တွင် ဟိုင်းကြီးကျွန်းမြို့ရှိ ဒေသခံပြည်သူ ၁၉၈ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၅ ဦး၊ ခွဲစိတ်ရောဂါ ၂၂ ဦး၊ သားဖွား/မီးယပ်ရောဂါ ၁၅ ဦး၊ ကလေးရောဂါ ၁၅ ဦး၊ အရိုးရောဂါ ၂၇ ဦး၊နား/နှာခေါင်း/လည်ချောင်းရောဂါ ငါးဦး၊ မျက်စိရောဂါ ၃၂ ဦးနှင့် သွားရောဂါ ၂၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ငါးဦး၊ သွားခွဲစိတ်လူနာ ၂၄ ဦးနှင့် အထွေထွေခွဲစိတ်လူနာရှစ်ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၀ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်း များဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော ဒေသခံပြည်သူ သုံးဦးအား ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသပေးကာ ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သော လူနာခြောက်ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

၎င်းအပြင် တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)၏ ၂၀၁၆ ခုနှစ်အတွင်းက ပထမဆုံးဆေးကုသမှု ခရီးစဉ်ဖြစ်သည့် ဟိုင်းကြီးကျွန်းမြို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ် ဆေးရုံသင်္ဘောပေါ်၌ အောင်မြင်စွာခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည့် ဟိုင်းကြီးကျွန်းမြို့မှ သမီးငယ်မေသံလွင်အား လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး နယ်မြေခံရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးက ထောက်ပံ့ပစ္စည်းများနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...