Social Icons

Pages

Tuesday, April 11, 2017

သင်္ကြန်ကာလအတွင်း ချောင်းသာနှင့် ငပလီကမ်းခြေသို့ လည်ပတ်ရန် ဟိုတယ်ခန်းကြိုတင်မှာယူမှုသည် အခန်းအားလုံး၏ ၆၀ ရာခိုင်နှုန်းခန့်ရှိ



ရန်ကုန် ၊ ၁၁-၄-၂၀၁၇

သင်္ကြန်ကာလအတွင်း ချောင်းသာနှင့် ငပလီကမ်းခြေတို့သို့ သွားရောက် လည်ပတ်ရန် ဟိုတယ်ခန်း ကြိုတင် မှာယူမှုသည် အခန်းအားလုံး၏ ၆ဝ ရာခိုင်နှုန်းခန့် ရှိနေပြီဖြစ်သဖြင့် ယခင်နှစ် ကထက် လာရောက် လည်ပတ်သူ ပိုမိုတိုးတက်များပြား နိုင်ကြောင်း ဟိုတယ်လုပ်ငန်း များနှင့် ခရီးသွားလုပ်ငန်း ဈေးကွက် သတင်းများအရ သိရသည်။

ငပလီအပန်းဖြေ ကမ်းခြေသည် မြန်မာနိုင်ငံ၏ အစောဆုံး ကမ်းခြေဒေသ တစ်ခုဖြစ်ပြီး ထင်ရှား ကျော်ကြားကာ ပြည်တွင်း၊ ပြည်ပခရီးသွားများ စိတ်ဝင်တစား သွားလာ လည်ပတ်နေကြသည့် အပန်းဖြေ ကမ်းခြေတစ်ခု ဖြစ်ကာ ဟိုတယ် အလုံးပေါင်း ၂၇ လုံးရှိနေပြီး နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရက်များတွင် ဟိုတယ်တိုင်း ကြိုတင် အခန်းမှာယူမှု များရှိနေကြောင်း သိရသည်။

ထို့အတူ ချောင်းသာကမ်းခြေ ဖွင့်လှစ်ခဲ့သည်မှာ မကြာသေး သော်လည်း ရန်ကုန်မြို့မှ ခရီးလမ်းပန်း အဆင်ပြေကာ အချိန်တိုအတွင်း သွားရောက်နိုင်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ စိတ်ဝင်တစား သွားလာ လည်ပတ်လျက် ရှိသည်။ ချောင်းသာ ဟိုတယ်ဇုန်တွင် လက်ရှိ လိုင်စင်ရ ဟိုတယ် ၂၅ လုံးရှိပြီး အခြား တည်းခိုခန်းများ အပါအဝင် ခရီးသည်များ တည်းခို နိုင်သည့် ဟိုတယ်နှင့် တည်းခိုခန်း အလုံး ၅ဝ ခန့်ရှိသည်။

ဟိုတယ်နှင့် တည်းခိုခန်းများတွင် လက်ရှိတွင် သင်္ကြန်ကာလ အတွက် ဟိုတယ်ခန်း ကြိုတင် မှာယူမှု ၆ဝ ရာခိုင်နှုန်းခန့် ရှိနေပြီ ဖြစ်သည်။ အဆိုပါ ကြိုတင် မှာယူမှုသည် ယခင်နှစ် ကထက် ၂ဝ ရာခိုင်နှုန်းခန့် ပိုမိုတိုးတက် များပြားနေသည်။ ထို့ကြောင့် ယခုနှစ်သင်္ကြန် ကာလတွင် ချောင်းသာနှင့် ငပလီကမ်းခြေ တို့သို့ အပန်းဖြေ လာရောက် လည်ပတ်မည့် ခရီးသည်များမှာ ယခင်နှစ်ကထက် ပိုမိုများပြားလာ နိုင်ကြောင်း ဟိုတယ် လုပ်ငန်းများ နှင့် ခရီးသွားလုပ်ငန်း များက သုံးသပ်ခန့်မှန်း ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...