Social Icons

Pages

Monday, April 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သြစတြီးယားနိုင်ငံ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်ကြည့်ရှုလေ့လာ၊ သံရုံးမိသားစုများအားတွေ့ဆုံ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ သြစတြီးယား တပ်မတော်စစ်သမိုင်းပြတိုက် (Austria Army Museum)အတွင်း ကြည့်ရှုလေ့လာစဉ်။

သြစတြီးယားတပ်မတော်စစ်သမိုင်းပြတိုက် (Austria Army Museum) အတွင်း ခင်းကျင်းပြသထားမှုကိုတွေ့ရစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ သြစတြီးယားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ သံရုံး မိသားစုများကိုတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ သံရုံးမိသားစုများ                                       အတွက် လက်ဆောင်ပစ္စည်းများပေးအပ်စဉ်။


နေပြည်တော် ၂၄-၄-၂၀၁၇

သြစတြီးယားနိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် သြစတြီးယား နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးစံလွင်နှင့်ဇနီး၊ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီတွင် ဗီယင်နာမြို့ရှိ တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိသူများက ပြခန်းများအလိုက် လိုက်လံရှင်းလင်း ပြသကြသည်။

သြစတြီးယားတပ်မတော် စစ်သမိုင်းပြတိုက် (Austria Army Museum) သည် သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် တည်ရှိပြီး သြစတြီးယားတပ်မတော်၏ အထင်ကရ ပြတိုက်တစ်ခုဖြစ်သည်။ ပြတိုက်အား ၁၈၅၀ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် တည်ဆောက်ခဲ့ပြီး ၁၈၅၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်အနေဖြင့် သြစတြီးယားနိုင်ငံ၏ ရှေးအကျဆုံးသော အဆောက်အဦတစ်ခုဖြစ်ကာ ၁၉ ရာစုအလယ် ၁၈၆၇ ခုနှစ်ခန့်မှစ၍ သြစတြီးယား အင်ပါယာ၏ စစ်သမိုင်းဆိုင်ရာ အချက်အလက်များ၊ လက်နက်တီထွင် ဆန်းသစ်မှုများ၊ သံချပ်ကာ ယန္တရား၊ စစ်ရေယာဉ်၊ လေယာဉ်များ ဖွံ့ဖြိုးတိုးတက် ဖြစ်ပေါ်လာမှုများနှင့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ် အပါအ၀င် သြစတြီးယား နိုင်ငံအနေဖြင့် ပါဝင်ခဲ့သည့် စစ်ပွဲများ၏ အကြောင်းများအား အပိုင်းကဏ္ဍအလိုက် ခန်းမများခွဲခြား၍ ခင်းကျင်းပြသ ထားရှိပါသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီခွဲတွင် သြစတြီးယားနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံအမတ်ကြီး ဦးစံလွင်နှင့်ဇနီး၊ သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကား ပြောကြားရာတွင် EU နိုင်ငံတပ်မတော်များနှင့် ဆက်ဆံရေး တိုးမြှင့်ရန်ရည်ရွယ်၍ သြစတြီးယားနှင့် ဂျာမနီနိုင်ငံတို့သို့ လာရောက်ခြင်း ဖြစ်ပါကြောင်း၊ တပ်မတော်နှစ်ရပ် ချစ်ကြည်ရေးနှင့် ဆက်ဆံရေးသည် နှစ်နိုင်ငံ ဆက်ဆံရေးကို များစွာ အထောက်အကူပြု ပါကြောင်း၊ မြန်မာနိုင်ငံနှင့် သြစတြီးယား နိုင်ငံတို့သည် ၁၉၅၃ ခုနှစ်မှစ၍ သံတမန်ဆက်ဆံမှု ရှိခဲ့သော နိုင်ငံများ ဖြစ်ကြောင်း၊ သြစတြီးယား နိုင်ငံအနေဖြင့် သမိုင်းအစဉ်အလာ ကြီးမားကာ စက်မှုထွန်းကားသော အင်ပါယာနိုင်ငံ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ရှိသည့်နိုင်ငံတွင် တာဝန်ထမ်း ဆောင်ရခြင်း၊ ပညာသင်ယူခွင့် ရရှိခြင်းများသည် နိုင်ငံအတွက်လည်း များစွာအကျိုး ရှိပါကြောင်း၊ ရရှိသည့် အတွေ့အကြုံနှင့် ပညာရပ်များကို ပြန်လည်အသုံးချ၍ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သံရုံးဝန်ထမ်းများ အနေဖြင့်လည်း သက်ဆိုင်ရာ နိုင်ငံသုံးဘာသာ စကားများကို လေ့လာ၍ ကြိုးစားသင်ယူ စေလိုပါကြောင်း၊ လုပ်ငန်းတာဝန် ပိုင်းဆိုင်ရာများ ကိုလည်း Coordination ၊ Cooperation ရှိရှိ ဆောင်ရွက်ပါက မအောင်မြင်နိုင်စရာ အကြောင်းမရှိကြောင်း၊ ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ပြောကြားရာတွင် မိမိတို့နိုင်ငံ အနေဖြင့် ယခုအခါ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း လျက်ရှိပါကြောင်း၊ အတိတ်က ရရှိခဲ့သည့် အတွေ့အကြုံများကို သင်ခန်းစာရယူ၍ ယခုလျှောက်လှမ်း နေသည့် နိုင်ငံရေးလမ်း ကြောင်းပေါ်မှ အတိမ်းအစောင်းခံမည် မဟုတ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်မည့် လုပ်ငန်းများတွင် တပ်မတော်မှ ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကူညီစောင့်ရှောက် ပေးရန်လည်း မှာကြားလို ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီးတို့က စားသောက် ဖွယ်ရာများ၊ လက်ဆောင် ပစ္စည်းများနှင့် တပ်မတော် အထည်ချုပ် စက်ရုံများမှ အ၀တ်အထည်များအား ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစု များနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းများသို့ တက်ရောက်လျက် ရှိသည့် သင်တန်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား သံရုံးမိသားစု များက နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...