Social Icons

Pages

Thursday, April 6, 2017

အပူဒဏ်နှင့် အတာသင်္ကြန်


အပူဒဏ်နှင့် အတာသင်္ကြန်

ယခုအခါ ပူပြင်းခြောက်သွေ့သော နွေဥတုကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့် သိသိသာသာ ပူပြင်းလာပြီဖြစ်သည်။ ထို့အတူ နွေဥတုကာလတွင် ဆင်နွှဲကြရသည့် မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် အတာရေပက်ဖျန်း ရမည့် သင်္ကြန်ပွဲတော်လည်း တဖြည်းဖြည်းနီးကပ် လာပြီဖြစ်သည်။

နွေ၏အပူ မည်မျှပြင်းထန် စေကာမူ နေအပူရှိန်ကို အန်တုကာ မြန်မာ့ရိုးရာ အတာသင်္ကြန် ရေသဘင်ပွဲကို နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့ကြသည်။ ထို့ကြောင့် ယခုနှစ်တွင်လည်း အစဉ်အလာမပျက် ပျော်ရွှင်စွာ ဆင်နွှဲကြရန် ပြင်ဆင်လျက် ရှိနေကြသည်။ သို့သော် သင်္ကြန်ကာလ၌ အပူဒဏ်နှင့်အတူ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုကိုလည်း သတိပြုဆင်ခြင် ကြရမည်ဖြစ်သည်။

ထို့ပြင် အယ်နီညို ရာသီဥတုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူချိန် မြင့်တက်မှု လွန်ကဲခြင်း၊ ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ ရခြင်း စသည့် ဖြစ်စဉ်များကလည်း သတိထားကြ ရမည်ဖြစ်သည်။ ထို့ကြောင့် အပူဒဏ် ကာကွယ်ရေး သတိပေး နှိုးဆော်ချက်များ၊ ခရမ်းလွန် ရောင်ခြည် မြင့်တက်မှုကြောင့် ရှောင်ရန်၊ ဆောင်ရန် အချက်များ ထုတ်ပြန်မှုကို သတိထားလိုက်နာ ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အချို့တွင် နွေဥတုကာလ ရောက်တိုင်း ရေပြတ်လပ်မှု အခက်အခဲ များနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ သို့သော် ယခုနှစ်တွင် အချို့ဒေသ များ၌ နွေဥတုအစ ကတည်းက သောက်သုံးရေ ပြတ်လပ်မှု များနှင့်ကြုံတွေ့ နေရသောကြောင့် ရေသွားရောက် လှူဒါန်းမှုများ ပြုနေကြရပြီ ဖြစ်သည်။ ထို့ကြောင့် အတာသင်္ကြန် ရေပက်ဖျန်းကြ ရာတွင်လည်း ရေချွေတာ သုံးစွဲရေးကို သတိထား ကြရမည် ဖြစ်သည်။

ရှေးယခင်က မြန်မာ့ယဉ်ကျေးမှု ရိုးရာမပျက် ဆင်နွှဲကြသည့် အတာသင်္ကြန် ရေပက်ဖျန်းရာတွင် ငွေဖလားနှင့် သပြေခက်ဖြင့် ရေပက်ဖျန်းကာ နှစ်ဟောင်းမှ အညစ်အကြေး များကို ဆေးကြော သန့်ရှင်းပေးကြခြင်း ဖြစ်သည်။ 

ယခုအခါ ရေပိုက်ကြီးများဖြင့် ရေဖြုန်းနေခြင်း များသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော လုပ်ဆောင်ချက် များသာဖြစ်သည်။ အဆိုပါ ရေကစားခြင်း မျိုးကို ယခု အတာသင်္ကြန်မှ စတင်ကာ ရှောင်ရှားသင့် သည်ဟု ဆိုရမည် ဖြစ်သည်။

ယခုနှစ် အတာင်္ကြန်ကို ဆင်နွှဲကြမည့် သူများ အနေဖြင့် အပူဒဏ် ကာကွယ်ရေး အသုံးအဆောင် များဖြစ်သည့် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ လုံခြုံမှုရှိသော ချည်ထည် အဝတ်အစားများကို ဝတ်ဆင်၍ ဆင်နွှဲသင့်ပေသည်။ 

သရုပ်ပျက် အဝတ်အစားများကို ဝတ်ဆင်၍ အတာသင်္ကြန်ပွဲ ကို ဆင်နွှဲလျှင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အပြင် အပူဒဏ်ကို ခံရသောကြောင့် ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်သည်။

သို့ဖြစ်ရာ မကြာမီ ကျရောက်လာမည့် သင်္ကြန်ကာလတွင် မြန်မာ့ယဉ်ကျေးမှု နှင့်ကိုက်ညီမှု ရှိမည့် ဝတ်စားဆင်ယင်ခြင်း၊ ရေချွေတာ သုံးစွဲခြင်းနှင့် အပူဒဏ်မှ ကာကွယ်နိုင်မည့် အချက်များကို သတိထားလိုက်နာ ကျင့်သုံးခြင်းဖြင့် အတာသင်္ကြန်ပွဲကို ဆင်နွှဲသင့် ပါကြောင်း အကြံပြုတိုက်တွန်း ရေးသားလိုက်ရ ပေသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...