Social Icons

Pages

Tuesday, April 11, 2017

ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုများကြောင့် ယခုလအတွင်း ရေလမ်းညွှန်အမှတ်အသား အခု ၄၂၀ စိုက်ထူရန်လျာထား



မန္တလေး ၊ ၁၁-၄-၂၀၁၇

ဧရာဝတီမြစ်အတွင်း ရေကြောင်း ပြောင်းလဲမှုများကြောင့် ယခုဘဏ္ဍာနှစ် ဧပြီလအတွင်း ရေလမ်းညွှန် အမှတ်အသား အဖြစ် ရေပေါ်ပြ အခု ၂၉ဝ နှင့် ကမ်းပေါ်ပြအခု ၁၃ဝ စုစုပေါင်း ၄၂၀ စိုက်ထူရန် လျာထားကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒေသ-၅၊ မန္တလေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ဧရာဝတီမြစ်သည် ကုန်စည်စီးဆင်းရာ လမ်းကြောင်းတွင် အချက်အချာကျသည့် မြစ်ဖြစ်သည်နှင့် အညီ ကုန်တင်သင်္ဘော များနှင့်ခရီးသည် ပို့ဆောင်နေသည့် သင်္ဘောများ နေ့စဉ်ဖြတ်သန်း သွားလာနေကြကြောင်း သိရသည်။

ထိုသို့ သင်္ဘောကြီးများ သွားလာရာတွင် ယခင် မတ်လက ရေကျချိန်လည်း ဖြစ်သည့်အတွက် သောင်ခုံများ ဖြစ်ထွန်းကာ သင်္ဘောများ ဖြည်းဖြည်းချင်း ဂရုစိုက်မောင်းနှင် နေမှုများကြောင့် အချိန်ကြန့်ကြာ မှုများ ဖြစ်ပေါ်ခဲ့ သော်လည်း ယခု ဧပြီလအတွင်း၌ ကချင်ပြည်နယ် ဘက်၌ မိုးရွာသွန်းမှု များကြောင့် ဧရာဝတီမြစ် အတွင်း ရေအနည်းငယ် ရောက်ရှိလာသည့် အတွက် သင်္ဘောများ သွားလာရာတွင် ပိုမို အဆင်ပြေကြောင်း သိရသည်။

ထိုသို့ ရေအနည်းငယ် မြင့်တက် လာခဲ့သော်လည်း ရေလမ်းကြောင်းမှာ ပြောင်းလဲနေသည့် အတွက် သင်္ဘောများ ဧရာဝတီမြစ် အတွင်း ရေလမ်းကြောင်း ရှာဖွေ သွားလာရာတွင် အန္တရာယ်မဖြစ်ပေါ် စေရေးအတွက် ရေလမ်းညွှန် အမှတ်အသား စိုက်ထူသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုလအတွင်း၌ ဧရာဝတီမြစ် အတွင်း ကသာ-ဗန်းမော် လမ်းပိုင်းတွင် ရေပေါ်ပြ အမှတ်အသား အခု ၅ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား ၂၅ ခု၊ ကသာ- မလည် လမ်းပိုင်း ရေပေါ်ပြ အမှတ်အသား အခု ၇ဝ နှင့်ကမ်းပေါ်ပြ အမှတ်အသား ၃၅ ခု ၊မလည်-မန္တလေး ရေလမ်းကြောင်း၌ ရေပေါ်ပြ အမှတ်အသား အခု ၅ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား ၂၅ ခု၊ မန္တလေး-မြင်းမူ ရေလမ်းကြောင်း တစ်လျှောက်၌ ရေပေါ်ပြ အမှတ် အသားအခု ၅ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား ၁၅ ခု၊ မြင်းမူ-စဥ့်ကူ ရေလမ်းကြောင်း တစ်လျှောက်တွင် ရေပေါ်ပြ အမှတ်အသား အခု ၇ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား အခု ၃ဝ တို့ကို စိုက်ထူရန် လျာထားကြောင်း အဆိုပါဌာနမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...