Social Icons

Pages

Wednesday, March 8, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Viettel Group ၏ လုပ်ငန်းဆောင်ရွက်မှုများအား သွားရောက်လေ့လာ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Viettel Group  ဥက္ကဋ္ဌတို့အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား Viettel Group  ဒုတိယဥက္ကဋ္ဌ နှင့် ဥက္ကဋ္ဌတို့က ကုမ္ပဏီလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြစဉ်

နေပြည်တော် ၊ ၈-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အဖွဲ့ဝင်များ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် Viettel သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ရောက်ရှိကြရာ Viettel Group ဥက္ကဋ္ဌ Maj. Gen. Nguyen Manh Hung နှင့် အဖွဲ့ဝင်များက ကြိုဆိုကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူ များက ရှင်းလင်းတင်ပြ ကြသည်။ 

ဆက်လက်ပြီး Viettel Group ဌာနချုပ်သို့ ရောက်ရှိကြရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်သည်။ ယင်းနောက် အစည်းအဝေး ခန်းမတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များအား Viettel Group ဒုတိယဥက္ကဋ္ဌနှင့် ဥက္ကဋ္ဌတို့က ကုမ္ပဏီ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍနှင့် ပတ်သက်၍ ပြောကြားရာတွင် မိမိတို့နိုင်ငံတွင် ဆက်သွယ်ရေး ကဏ္ဍအား တိုးချဲ့  ဆောင်ရွက်လျက် ရှိသော်လည်း ကျေးလက်ဒေသ များနှင့် အလှမ်းကွာဝေးသော ဒေသများတွင် လိုအပ်ချက်များ ရှိနေသေးကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနေသည့် မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ မြှင့်တင်ရေးအား ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး MNTC ၏ဥက္ကဋ္ဌ ဦးခင်မောင်စိုး က လုပ်ငန်းပိုင်းဆိုင်ရာ များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် Viettel Group ဥက္ကဋ္ဌတို့သည် အထိမ်းအမှတ် တံဆိပ်များနှင့် အမှတ်တရ ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Viettel Group ဌာနချုပ်တွင် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...