Social Icons

Pages

Friday, July 24, 2015

တနင်္သာရီတိုင်း ဒေသကြီးရှိ ကြက်မောက်ကျွန်း သည် ပြည်တွင်းပြည်ပ ခရီးသွားများ အထူး စိတ်ဝင်စားသည့် ခရီးသွားဇုန်တစ်ခု ဖြစ်လာ


တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကြက်မောက်ကျွန်း (Cock Comb Island)


ကော့သောင်း ၊ ၂၄-၇-၂၀၁၅

သဘာဝ ပတ်ဝန်းကျင် အနေအထား သာယာလှပပြီး ရေပေါ် ရေအောက် သယံဇာတ များလည်း ပေါများသည့် အပြင် အပန်းဖြေ အနားယူရန် ကောင်းမွန်သည့် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကြက်မောက်ကျွန်း (Cock Comb Island) သည် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အထူး စိတ်ဝင်စားသည့် ခရီးသွားဇုန် တစ်ခု ဖြစ်လာကြောင်း ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် ကြက်မောက်ကျွန်း သို့ သွားရောက် လည်ပတ်ရန် ခရီးသွား ကုမ္ပဏီ များသို့ ချိတ်ဆက် မေးမြန်းမှုများ မြင့်တက် လာသည့်အပြင် ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက် လည်ပတ်မှု များမှာလည်း များပြားလျက် ရှိသည်။

ကြက်မောက်ကျွန်း သည် တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်း မြို့နယ် ဇာဒက်ကြီး ကျေးရွာအုပ်စု၌ တည်ရှိပြီး ကော့သောင်းကျွန်း မြို့ အနောက် တောင်ဘက် ၂၈ မိုင်အကွာတွင် တည်ရှိကာ Speed Boat ဖြင့် သွားရောက် လည်ပတ် နိုင်ကြောင်း သိရသည်။

''ကော့သောင်းကနေ အဲဒီကျွန်းကို သွားရင် တစ်နာရီအတွင်း ရောက်နိုင် ပါတယ်။ ကျွန်း အကျယ်အဝန်း က ဧက ၁၂ဝ လောက် ရှိပါတယ်။ မြေသား လုံးဝမရှိဘဲ သက်နု မီးသင့်ကျောက်နဲ့ ဖွဲ့စည်းထားတဲ့ ကျွန်း ဖြစ်ပါတယ်။ ကျွန်းပေါ်ကို လုံးဝတက်လို့ မရပါဘူး။ အရမ်း မတ်စောက်တဲ့ ကျောက်တောင် ပုံစံတွေ ဖြစ်တယ်။ အမြင့်ဆုံး ကျောက်တောင် က ပေ ၂ဝဝ မြင့်တယ်။ အခုသွားဖို့ လာပြီး စုံစမ်းတဲ့ သူတွေများတယ်။ သူတို့က အုပ်စုလိုက် သွားချင်တယ်။ တစ်ဦးစ နှစ်ဦးစ အစီအစဉ်နဲ့ မသွားချင် ကြဘူး။ ကျွန်းပေါ်မှာ ညအိပ်လို့ မရဘူး။ နေ့ချင်းပြန် ရင်ပြန် ဒါမှမဟုတ် သင်္ဘောပေါ်မှာ အိပ်ရင်အိပ် ရပါမယ်'' ဟု Global Myanmar ပြည်တွင်းပြည်ပ ခရီးသွား လုပ်ငန်း မှ ဒါရိုက်တာ ဦးဇေယျာစိုး က ပြောသည်။

၎င်းကျွန်း၏ ထူးခြားချက်မှာ ကျောက်တောင် ပတ်လည်ဝန်းရံလျက် ရှိသော ကျွန်း၏ အလယ်တွင် အချင်း ပေ ၃ဝဝ ခန့် အသည်းနှလုံး ပုံစံ ရေငန်အိုင် တစ်အိုင် တည်ရှိပြီး ထိုရေအိုင်သို့ သွားရောက် နိုင်ရန် အတွင်း သို့ ဝင်ပေါက်မှာ ကျွန်း၏ အရှေ့ဘက်ရှိ အကျယ် ၂၅ ပေခန့်နှင့် အလျား ပေ ၃ဝ ခန့်ရှိ ပြွန်ပုံစံ ဝင်ပေါက်ရှိပြီး ဒီရေ တက်ချိန်တွင် ဝင်ရောက်၍ မရဘဲ ဒီရေ အနည်းငယ် ကျမှသာ ရေကူး၍ သော်လည်းကောင်း၊ ကယက်လှေဖြင့် သော်လည်းကောင်း ဝင်ရောက် နိုင်သည်။

ကျွန်းအနီးနှင့် ကျွန်းအတွင်းရှိ ရေငန်အိုင်မှ ရေများသည် စိမ်းပြာရောင်ဖြင့် ကြည်လင်ပြီး နွေရာသီတွင် Snorkeling mask ဖြင့် ရေအောက်သို့ ၆ မီတာခန့်အထိ ထွင်းဖောက် မြင်နိုင်သည် ဟုလည်း ဒေသခံ များက ပြောသည်။ ကျွန်းအတွင်း ရေငန်အိုင် အနားသတ်တွင် လှပသော Snorkeling Site ရှိနေပြီး ရေငန်အိုင် အလယ် တည့်တည့်သည် ရေပြည့်ချိန်တွင် ၁၂ မီတာခန့်နက်ပြီး ရေငန်အိုင် အတွင်း Hard Coral အမျိုးအစား ၂၅ မျိုးခန့်၊ ငါးမျိုးစိတ် ၄ဝ ခန့်နှင့် သံပခြုပ် များကိုလည်း တွေ့ရှိနိုင်သည်။

''ဒီကျွန်းမှာ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ တွေမှာ ငါးမန်းတွေ သားပေါက် တတ်တယ်။ ငါးမန်းကလည်း လူကို အန္တရာယ် မပြုပါဘူး။ ဒါကြောင့် ပြည်တွင်းက ခရီးသွားတွေ သွားချင်ကြတယ်။ အခု လည်ပတ်သူတွေ များလာတယ်။ နောက်ပိုင်း ခရီးသွား ကုမ္ပဏီတွေက ဒီကျွန်းကို အဓိက ဦးတည်ပြီး ခရီးစဉ် ရေးဆွဲကြမှာပါ'' ဟု ၄င်းက သုံးသပ် ပြောသည်။

ထက်နေ

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...