တွံတေး ၊ ၂၂-၃-၂၀၁၇
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျိုက်သလဲ ကျေးရွာရှိ ရပ်ရွာလူထု အခြေပြု ခရီးသွားရွာ (CBT) ၌ ရိုးရာ လက်မှုလုပ်ငန်းများ လေ့လာရင်း ဝင်ရောက် စမ်းသပ်လုပ်ကိုင် နိုင်ကြောင်း CBT တည်ထောင်သူ ဦးခင်ဇော် ထံမှ သိရသည်။
ကျေးလက်နေ ပြည်သူများ ရေရှည်ဖွံ့ဖြိုး တိုးတက်နိုင်စေရန် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာ တစ်နိုင်ငံလုံး၌ တရားဝင် အသိအမှတ် ပြုထားသည့် CBT ကျေးရွာပေါင်း ကိုးရွာခန့် ရှိလာကြောင်းနှင့် ကျိုက်သလဲ ကျေးရွာ CBT သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ပထမဆုံး ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။
'' နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အနေ နဲ့ ကျေးရွာတွေရဲ့ သဘာဝနဲ့ ဓလေ့တွေကို သိရှိလာဖို့ ရည်ရွယ်ပါတယ်။ ခရီးသွားတွေ လာရောက်နေထိုင် ကြတဲ့အတွက် အဲဒီဒေသမှာ အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ရလာပြီး ဝင်ငွေလည်း ရလာမှာ ဖြစ်ပါတယ်'' ဟု ဦးခင်ဇော် ကပြောသည်။
ထို့ပြင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အတွက် တိုင်းရင်းသား လူမျိုး အသီးသီး၏ ရိုးရာ အစားအသောက် များကို ချက်ပြုတ် ပေးနိုင်ရန်စီစဉ် ထားကြောင်းနှင့် ဒေသခံ ကလေးငယ်များ၏ တေးသရုပ်ဖော် ကပြ သီဆိုမှုများ ကိုလည်း ကြည့်ရှုအားပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)
No comments:
Post a Comment