Social Icons

Pages

Tuesday, March 7, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ 
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ H.E. Ms. Nguyen Thi Kim Ngan နှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၇-၃-၂၀၁၇

တပ်မတော်၊ အစိုးရ၊ ပါတီတို့သည် ပြည်သူလူထု၏ ယုံကြည်အားကိုးမှုရရှိရန် လိုကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကိုကာကွယ်ရာတွင် ပြည်သူမပါ၍မရကြောင်း၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ ပြည်သူသာအမိ၊ ပြည်သူသာအဖ အနေဖြင့် ပြည်သူ့အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူ့အကျိုး စီးပွားဖော်ဆောင်ပေးရန်လိုကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့်လည်း မိမိနိုင်ငံကောင်းအောင်၊ ကမ္ဘာ့အလယ် တွင် တင့်တောင့်တင့်တယ်ဖြစ်စေရန် ၀ိုင်းဝန်းကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၄၅ မိနစ်တွင် အမျိုးသားလွှတ်တော်သို့ သွားရောက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E.Ms. Nguyen Thi Kim Ngan နှင့် တွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးကြီးအောင်ကျော်ဦးတို့ တက်ရောက်ကြပြီး လွှတ်တော်ဥက္ကဋ္ဌနှင့် အတူ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး Sr. Lt. Gen. Nguyen Chi Vinh၊ နိုင်ငံခြား ဆက်ဆံရေးကော်မတီ ဒုတိယအကြီးအကဲ Mr. Vu Hai Ha နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကပင် ခင်မင်ရင်းနှီးခဲ့သည့် နိုင်ငံများဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ဗီယက်နမ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများတွင် ကူညီခဲ့မှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ ပြုလုပ်သည့် အာဆီယံပါလီမန်အစည်းအဝေးသို့ တက်ရောက်ခဲ့ပါကြောင်း၊ မြန်မာတို့၏ ချစ်စရာကောင်းသည့် ဓလေ့ကို လည်းမမေ့ကြောင်း၊ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အဆင့်မြင့်အရာရှိများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန် သဘော တူညီချက်များရရှိခဲ့ကြောင်း၊ လွှတ်တော်တွင် မြန်မာ့တပ်မတော်သားကိုယ်စားလှယ်များ၏ ဆွေးနွေးတင်ပြမှုများ ကိုလည်း လေ့လာခဲ့ရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အတွင်းတွင် တပ်မတော်သား ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကိုလည်း ကောင်းစွာသိရှိပါကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို ရှင်းလင်းပြောကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် ဆိုရှယ်လစ် ဒီမိုကရေစီပုံစံဖြင့် လျှောက်လှမ်းခဲ့သည်မှာ ကာလကြာမြင့်ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၁ ခုနှစ်တွင်မှ ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို သွားခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်းတွင် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိချိန်မှ ၁၉၅၈ ခုနှစ်အထိ ပါလီမန် စနစ်ကျင့် သုံးခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိခဲ့သော်လည်း စစ်ပွဲများနှင့်စတင်ခဲ့ရသော နိုင်ငံဟုဆိုနိုင်ကြောင်း၊ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ခက်ခဲစွာရင်ဆိုင်ဖြေရှင်းခဲ့ရကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရ၊ ၁၉၆၂ ခုနှစ်တွင်တော်လှန်ရေးကောင်စီအနေဖြင့် တပ်မတော်မှဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ်စနစ်ထူထောင်ခဲ့သော်လည်း အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် အထွေထွေ အားနည်းချက်များကြောင့် ပြိုကွဲသွားရကြောင်း၊ ထိုအချိန်က အစိုးရအနေဖြင့် မည်သို့မျှရပ်တည်အုပ်ချုပ် နိုင်စွမ်းမရှိသဖြင့် တပ်မတော်အစိုးရအဖြစ် တာဝန်ယူခဲ့ရပြီး လက်ရှိပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ ပြောင်းလဲ နိုင်ရန်လုပ်ဆောင်ခဲ့ကြောင်း၊ သို့ဖြစ်၍ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းတွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရန် ပူးပေါင်းပါဝင်လုပ်ဆောင်နေကြောင်း၊ ယင်းမှာ နိုင်ငံတော်သမိုင်း နှင့် တပ်မတော်သမိုင်း အမြဲယှဉ်တွဲနေသည်ကိုဖော်ပြပြီး ၎င်းသမိုင်းကြောင်းများအရ တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော် တွင် ၂၅ ရာခိုင်နှုန်းပါဝင်နေရမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး လွှတ်တော်များ၏တာဝန်မှာ လွန်စွာကြီးမားပြီး ဥပဒေရေးဆွဲခြင်း၊ ပြဌာန်းခြင်း၊ ဥပဒေကို လိုက်နာအောင်ထိန်းသိမ်းခြင်းစသည်ဖြင့် တာဝန်များစွာရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ယင်းစနစ် အတိုင်းလုပ်ဆောင်ရန်အတွက်များစွာ ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ထို့နောက် လွှတ်တော် ဥက္ကဋ္ဌမှ မိမိတို့နှစ်နိုင်ငံမှာ နိုင်ငံရေးအရ ဆက်ဆံမှုကောင်းမွန်ပါကြောင်း၊ စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြားပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်များရရှိခဲ့ကြောင်း၊ ဆက်လက်တိုးမြှင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဗီယက်နမ်ပြည်သူများအနေဖြင့် ဗီယက်နမ်တပ်မတော်အပေါ် အားကိုးယုံကြည် မှုရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ကောင်းမွန်သည့်အခြေခံ အဆောက်အဦများနှင့် လူသားအရင်း အမြစ်များရှိခြင်းကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဟုယုံကြည်ကြောင်း ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံအမျိုးသား လွှတ်တော်ဥက္ကဋ္ဌအား အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...