Social Icons

Pages

Friday, March 17, 2017

ပုဂံဘုရားစေတီပုထိုးများ ပေါ်သို့ ဖိနပ်ဖြင့်တက်ရောက်ခြင်းကို တားမြစ်ခြင်းမရှိပါက နိုင်ငံခြားခရီးသွား ဧည့်သည်များအပြင် ဧည့်လမ်းညွှန်များကိုပါ အရေးယူမည်



ညောင်ဦး ၊ ၁၇-၃-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဘုရားစေတီပုထိုး များပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်းကို တားမြစ်ခြင်း မရှိပါက နိုင်ငံခြား  ခရီးသွားဧည့်သည် များအပြင် ဧည့်လမ်းညွှန် များကိုပါ အရေးယူသွားမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ သိရသည်။

ဇန်နဝါရီလ အတွင်းက ရွှေနန်းရင်ပြင် ဘုရားပေါ်သို့ ဖိနပ်ဖြင့် တက်ခဲ့သည့် နိုင်ငံခြားခရီးသွား ဧည့်သည်တချို့ကို ဖိနပ်ချွတ်ရန် မပြောခဲ့သည့် ဧည့်လမ်းညွှန်အား ဘာသာရေး အရ သာသနာ ညှိုးနွမ်းစေမှုဖြင့် အရေးယူထားပြီး မတ် ၁၃ ရက်က ရွှေဆံတော် ဘုရား ပေါ်သို့ နိုင်ငံခြားခရီးသွား ဧည့်သည်နှစ်ဦး ဖိနပ်ဖြင့် တက်ရောက်သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့ သော်လည်း တာဝန်ရှိသူ များထံ သတင်းမရောက် ရှိ၍ အရေးမယူ နိုင်ခဲ့ကြောင်း ကမ္ဘာလှည့် ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့မှ သိရသည်။

''သူများနိုင်ငံတွေ မှာလည်း သူ့နိုင်ငံအလိုက် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်း တွေရှိတယ်။ သူများနိုင်ငံကို သွားရင် သူတို့နိုင်ငံက သတ်မှတ်ချက် တွေကို လိုက်နာရတာ ပါပဲ။ ဘုရားစေတီပုထိုး တွေပေါ်ကို ဖိနပ်နဲ့တက်ခဲ့ရင် ဘာသာရေးအရ သာသနာ ညှိုးနွမ်းစေမှုနဲ့ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တရားဝင် သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်တာ ကြောင့်ပါပဲ'' ဟု ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ဘုရားစေတီ ပုထိုးများပေါ်သို့ ဖိနပ်ဖြင့် တက်ရောက်ခြင်း အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှင့် ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ အရေးယူလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...