Pages

Monday, March 20, 2017

ပင်လယ်ထဲမှ မီလုံးလေးများ


ပင်လယ်ထဲမှ မီလုံးလေးများ

( မဒါလေး )

မောင်းမကန် ကမ်းခြေ၏ နေဝင်ဆည်းဆာ အလှကို ကြည့်လျက် မျက်စိတစ်မှိတ် အတွင်း ပျောက်ကွယ် သွားသော နေမင်းကြီးကို စာရေးသူ တစ်ယောက် အလျင်စလို လိုက်ရှာ နေမိသည်။ ပင်လယ်ပြင် အထက်တွင် တစ်ဝက်သာသာ ပေါ်နေသော နေမင်းကြီးသည် ရုတ်တရက် ပင်လယ်ပြင်၏ အလှကို ခံစားနေခိုက် ပျောက်ကွယ် သွားသည်။ မြန်ဆန်လွန်းလှ ပါလားဟု စိတ်ထဲမှ တွေးမိ လိုက်သည်။ ထို့အတူ လူသားများ၏ ဘဝတို့ သည်လည်း နေ့မြင်ညပျောက်၊ ညမြင်နေ့ပျောက် ဖြင့်မည်မျှဖြစ် နေကြသနည်း။ စက္ကန့်မလပ် အချိန်များ အတွင်း ဘဝတွေ သေဆုံးခြင်း၊ ရှင်သန်ခြင်း မည်မျှဖြစ်ပြီး ကြပြီနည်း။ ကိုယ်တိုင် မေးခွန်းများ မေးကာ မောင်းမကန် ပင်လယ်ပြင်ကို ကျောခိုင်း လိုက်သည်။ 

မောင်းမကန် ကမ်းခြေသို့ မဖြစ်မနေ ဝင်ချင်သည့် စိတ်ဖြင့်သာ ဝင်ခဲ့သော်လည်း ညနေ အတော်စောင်း နေပေပြီ။ ရောက်ရောက်ချင်း ကမ်းခြေကို အပြေးသွားခဲ့ သဖြင့် မောပန်းစိတ် အနည်းငယ်တော့ စိတ်ပြေ လျော့သွားရသည်။ နေဝင်ခြင်း၏ သင်္ကေတကို သံဝေဂ များစွာဖြင့် ခံစားမိ လိုက်သည်။ တရားသဘော မဆင်ခြင် နိုင်သေးသည့် အချိန်တွင် ဖြစ်ခြင်း၊ ပျက်ခြင်းနှင့် တည်မြဲခြင်း၊ ပျောက်ဆုံးခြင်း ကိုနားလည် ခံစားမိ လိုက်သည်။ စာရေးသူ ကဲ့သို့ နေဝင်ချိန်ကို စောင့်ကြည့်နေ ကြသူများ၊ ရေကူးနေ ကြသူများ၊ ပင်လယ်စာရောင်း သည့်ဆိုင်များ၊ ပင်လယ်ထွက် ပစ္စည်းရောင်းသည့် ဈေးသည် များဖြင့် ကမ်းခြေတွင် လှုပ်ရှား အသက်ဝင် နေသေးသည်။ အနီးရှိ ဈေးဆိုင်များသို့ သွားကာ တစ်ညတာ တည်းခိုနိုင်မည့် နေရာများကို စုံစမ်း ကြည့်သည်။ ကမ်းခြေတွင် တည်းချင်လျှင် ဈေးဆိုင်များမှ ပြန်ငှားသော လုံးချင်း အိမ်လေးများ ငှား၍ရသည်။ ဟိုတယ်တွင် တည်းချင်လျှင် ကမ်းခြေနှင့် အတော် ဝေးဝေးကို သွားရမည် ဖြစ်သည်။ ညနေစောင်း မှရောက်သဖြင့် ပင်လယ်ရေနှင့် မထိတွေ့ရ သေးပေ။ ပင်လယ် ရေနှင့် ထိတွေ့ရန် ကမ်းခြေနှင့် အနီးဆုံး နေရာတွင် တည်းခိုသည်မှာ အကောင်းဆုံး ပင်ဖြစ်မည်။ ပင်လယ်ရေ ၊ ပင်လယ်လေ တို့ဖြင့် တိုက်ရိုက် ထိတွေ့ ခွင့်ရသည့် အပြင် ပင်လယ် သဘာဝ ညအလှ ကိုလည်း အပြည့်အဝ ခံစားနိုင်မည်။

အတူ ပါလာသော မိသားစု များနှင့် တိုင်ပင်ကာ ကမ်းခြေတွင် ညအိပ်ရန် အိမ်တစ်လုံး ငှားလိုက်သည်။ ကမ်းခြေတွင် ရေတစ်ခါ ချိုးလျှင်ငွေကျပ် ငါးရာပေး ရသည်။ ကျန်းမာရေး အတွက် သန့်စင်ခန်း အသုံးပြုလျှင် ငွေကျပ်နှစ်ရာ ပေးရသည်။ မိသားစု ဝင်နှင့်အတူ ပါလာသော ဧည့်သည်များ နှင့်ဆိုလျှင် သီးသန့်အိမ်ငှား လိုက်လျှင် ရေမီး အစုံဖြင့် ပူစရာမလို တော့ပေ။ အိမ်ဖြစ်သဖြင့် ဟိုတယ်ကဲ့သို့ မခမ်းနား။ ပျဉ်ထောင် အိမ်မြင့်မြင် ပေါ်တွင် ဖျာကြမ်းများ ခင်းပေးပြီး သက်သောင့် သက်သာ နားနေနိုင် ရန်ခေါင်းအုံး၊ ခြင်ထောင်များ ထုတ်ပေး ထားသည်။တစ်ညတာ ယာယီအတွက် အားလုံး အဆင်ပြေသည်။ လိုအပ်လျှင် အစားအသောက် များကို မှာစား၍ ရသည်။ ခဏတာ အနားယူ လိုက်ရသဖြင့် လူက လန်းဆန်း သွားသည်။ မလှမ်းမကမ်း မှပင်လယ် လှိုင်းသံ တဝုန်းဝုန်း သည်လူ၏ စိတ်ကို လှုပ်ရှား အသက်ဝင် စေသည်။

 ညနေစာ စားရန် ကမ်းခြေရှိ စားသောက်ဆိုင်သို့ လမ်းလျှောက် ထွက်ခဲ့သည်။ လတ်ဆတ်သော ပင်လယ်စာ များကို စာရေးသူ တစ်ယောက် ခေါင်းမဖော် နိုင်အောင် စားခဲ့သည်။ အကြိမ်ကြိမ် စားဖူးသော ပုစွန်တုပ်ဟင်းများ ထက်ယခု စားရသော ပုစွန်တုပ်ဟင်းသည် အလွန်လတ်ဆတ် ပြီး အရသာ ရှိလှသည်။ အညာဒေသ တွင်စားရသော ရေခဲရိုက် ပုစွန်အရသာ သည်ယခု လတ်လတ် ဆတ်ဆတ် ပုစွန်အရသာနှင့် ဆီနှင့်ရေ ပမာကွာခြား လှသည်။ ယခုကဲ့သို့ လတ်ဆတ် သည့်အရသာ ကိုအပြည့်အဝ ခံစားကြရသော ကမ်းခြေအနီး နေထိုင်သည့် သူများကို ကံကောင်းသည် ဟု မှတ်ချက် ချမိသည်။ ဆိုင်ရှင် အစ်မကို ''ဒီလို အရသာရှိတဲ့ အစားအသောက် တွေအစ်မတို့ နေ့စဉ် စားရတာ ကံကောင်းတယ်''ဟုချီးကျူး မိသည်။ ''အစ်မရယ် ကျွန်မတို့က လတ်ဆတ်တဲ့ ပင်လယ်စာ တွေကို ဧည့်သည် တွေအတွက် သိမ်းထားရတယ်၊ ဧည့်သည် မလာမှ ကျွန်မတို့ စားလိုက် ရတယ်...။ လတ်လတ် ဆတ်ဆတ် မဖြစ်တော့ဘူး ပေါ့အစ်မရယ်''ဟု ထိုဆိုင်ရှင် အစ်မပြောသော စကားကြောင့် စာရေးသူ အတော် စိတ်မကောင်း ဖြစ်မိသည်။ စီးပွားရေး ဆိုတော့လည်း ကိုယ်က ကောင်းတာသုံးလို့ ဘယ်ဖြစ်ပါ့ မလဲဟု တွေးလိုက်မိသည်။

ညစာစားပြီး ကမ်းခြေဘက်သို့ လမ်းလျှောက် ထွက်ခဲ့သည်။ ကမ်းခြေတစ်လျှောက် သဲသောင်ပြင်သည် လရောင်ကြောင့် ဖွေးဖွေးဖြူ နေသည်။ တစ်ချက်တစ်ချက် လာလာရိုက်သော ရေလှိုင်းဖွေးဖွေး လေးများက ဖြူလွလွ သဲသောင်ကို ထိတွေ့ ဆော့ကစား နေသည်။ တစ်ခါတစ်ခါ အသံကျယ်စွာ ဝင်ရောက် လာသော လှိုင်းလုံးများက သဲသောင်ကို ရိုက်ချနေ သည့်အလား စိတ်တွင် ထင်မိသည်။ ပင်လယ်ပြင် တစ်ခုလုံး လင်းလက်နေသော အလင်းရောင် လေးများကို ကြည့်ပြီး စာရေးသူ ရင်ထဲ မသဲမကွဲ ဖြစ်လာသည်။ ''ကြယ်လေး တွေလား၊ ဟိုးအဝေး တစ်နေရာမှ မြို့ပြရဲ့ မီးလုံး တွေလား''ဟု ရင်ထဲတွင် ဝေခွဲမရ ဖြစ်လာသည်။ အနီးရှိ လူများကို ''အဲဒါဘာမြို့လဲ''ဟု မေးမိသည်ထိ ဖြစ်ခဲ့ရသည်။ အနီးမှ ကားဆရာ ဦးလေးကြီးက ''အဲဒါ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့ လှေတချို့နဲ့ ကင်းမွန်ဖမ်း တဲ့ လှေတွေက မီးတွေ''ဟုဖြေသည်။ ကင်းမွန်များကို ပင်လယ်ပြင်တွင် မီးထွန်းကာ ရှာကြသည်။ သူတို့အခေါ် ကင်းမွန်ထောင်သည် ဟုသိရသည်။ သည်လောက် များပြားလှသော မီးလုံးများသည် လှေဘယ်နှစင်း၊ လူဘယ်နှယောက် ကိုကိုယ်စားပြု သနည်း။ ညဘက် မှောင်မည်းမည်း တွင် လှိုင်းလုံးများကြား လှေငယ်လေး ဖြင့် ဝမ်းစာရှာ နေကြရသော လူဘယ်နှယောက်များ သည်ပင်လယ်ကြီး၏ ဝါးမျိုခြင်းကို ခံခဲ့ရပြီးပြီလဲ။ နံနက်အစော သူတို့အပြန်ကို ကမ်းစပ်မှ စောင့်မျှော်နေသူ ဘယ်နှယောက် ရှိမလဲ ။ စောင့်မျှော်ရင်း အိမ်ပြန်လာရန် မဖြစ်နိုင်တော့သော ပင်လယ်ပျော် များကြောင့် မျှော်လင့်ချက် ဆုံးရှုံးသွားသူ မည်မျှ ရှိနိုင်မလဲ။ စဉ်းစားရင်းပင် ရင်ထဲဆို့နင့် လာရသည်။ အတော် ဝေးဝေးမှ မှီးရောင်လေးများ လင်းလိုက်၊ မှိန်လိုက်၊ ပျောက်သွားလိုက်၊ ပေါ်လာလိုက် တွင်စာရေးသူ ၏စိတ်အစဉ် စီးမျောရင်း ရင်မောခဲ့ရသည်။ 

တစ်ညတာသည် တိုတောင်းစွာဖြင့် နံနက်မိုးသောက်သို့ ရောက်ခဲ့ရသည်။ ညက မြင်ခဲ့ရသော အဝေးမှ မီးလုံးလေး များကိုကိုယ်စားပြု ထားသည့် လှေများ ပင်လယ်ပြင် တွင်မတွေ့ရတော့။သူတို့အိမ် ပြန်သွားကြ သည်လား။ ကမ်းခြေနှင့် အတော်ဝေးဝေး တွင်ရှိသဖြင့် နံနက်ခင်း နေရောင်အောက်တွင်  မမြင်နိုင် ခြင်းလား။ ကမ်းခြေတွင် ရှိနေသော လှေလေး ၊ငါးစီး ခန့်ကိုသာ မြင်ရသည်။ စိတ်မောလူမော ဖြစ်နေသော စာရေးသူကို ပင်လယ်လေ တစ်ချက်က ခပ်ကြမ်းကြမ်း တိုက်ကာ အသိတွေ ပြန်နှိုးဆွ ပေးလိုက်သည်။ ကမ်းခြေဈေး ဆိုင်များ ဘက်သို့ လျှောက်လာ လျှင်ပင် အနားအနီးမှ ဈေးသည်က ''ကင်းမွန် ခြောက်တွေ တန်တယ်နော် အားပေးပါအုးံ ''ဆိုသည့် အသံကို ကြားခိုက် ပင်လယ်ပြင်ကြီး ကိုသာ နောက်ပြန် လှည့်ကြည့် မိသည်။ ပင်လယ်ထွက် ကုန်ပစ္စည်းများကို အားပေးခြင်းက သူတို့အတွက် ကူညီရာရောက် လေမလား။ ညဘက်ပင်လယ်ပြင် ငါးဖမ်းမထွက်ရ အမိန့်ထုတ်လျှင် သူတို့ဘဝ အဆင်ပြေ ပါ့မလား။ ရေထွက်ကုန် ပစ္စည်းများ ဈေးမြင့်အောင် ဈေးသတ်မှတ်ပေး နိုင်လျှင် ပိုကောင်း သွားမလား။ သို့သော် သူတို့ ကျင်လည်ရာ၊ ကျက်စားရာ ဘဝ အခြေအနေတွင် အားလုံးသည် ပြုံးပျော်နေ ကြသည်။ သူတို့ အလုပ်ကို သူတို့ဂုဏ်ယူ နေကြသည်။ ထို့ကြောင့် မည်သို့သော ပြောင်းလဲမှု မျိုးကိုလည်း သူတို့မှု ဟန်မတူ။ ပင်လယ်ကြီးသည် သူတို့ဘက်တွင် ထာဝရ ရှိနေဦးမည် ဖြစ်သောကြောင့် ဖြစ်သည်။ 

ရတနာပုံနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...