Social Icons

Pages

Monday, March 6, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့ တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ ဟနွိုင်းမြို့ သို့ရောက်ရှိ၊ သံရုံးမိသားစုများအား တွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား
 ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်စဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ ၊
 ဗီယက်နမ်နိုင်ငံတွင် သင်တန်းတက်ရောက် နေသည့် သင်တန်းသားများအား အမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၆-၃-၂၀၁၇
          
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ အမျိုးသား ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. Ngo Xuan Lich ၏ ဖိတ်ကြားချက် အရ ချစ်ကြည်ရေး ခရီးသွားရောက်သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ တွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။ လေဆိပ်တွင် ဗီယက်နမ်တပ်မတော် နိုင်ငံခြား ဆက်ဆံရေးဌာန အကြီးအကဲ Lt. General Vu Chien Thang နှင့် တပ်မတော် အရာရှိကြီးများ၊ ဗီယက်နမ် နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးကြီး အောင်ကျော်ဦးနှင့် တာဝန်ရှိသူများ က ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် ည ၇ နာရီတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ရောက်ရှိကြရာ သံအမတ် ကြီးနှင့်ဇနီး၊ သံရုံးမိသားစုများက ကြိုဆိုနှုတ် ဆက်ကြသည်။ ထို့နောက် သံရုံးဧည့်ခန်း၌တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သံရုံး၊ စစ်သံရုံးတို့မှ မိသားစုများ၊ ဗီယက်နမ်နိုင်ငံတွင် သင်တန်းတက်ရောက်နေသည့် သင်တန်းသား များအား အမှာစကားပြောကြားရာတွင် မြန်မာ- ဗီယက်နမ် နှစ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ CLMV အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အပြင် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကစတင် ၍ နိုင်ငံချင်း၊ ခေါင်းဆောင်ချင်း ရင်းနှီးခင်မင်သည့် ဆက်ဆံရေး ရှိခဲ့ကြောင်း၊ လက်ရှိပါတီစုံ ဒီမိုကရေစီခေတ် တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် နိုင်ခဲ့ကြောင်း၊ သံရုံး၊ စစ်သံရုံးဝန်ထမ်းများအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်အရ နှစ်နိုင်ငံအကြား၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်  ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးတက်အောင် ကြိုးစားလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ သက် ဆိုင်ရာရုံးအလိုက် ခေတ်အဆက်ဆက်က နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု သမိုင်းမှတ်တမ်းများ ပြုစုထားရှိပြီး မိမိတို့ တာဝန်ထမ်းဆောင်ချိန်တွင် ပိုမိုမြှင့်တင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် အရ အာရှတွင် ကျားတစ်ကောင် ဖြစ်လာခဲ့ သည်ကိုလည်း လေ့လာပြီး အားသာချက်များ  ကို မိမိနိုင်ငံအတွက် အကျိုးရှိအောင် အသုံးပြုနိုင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှု အပိုင်းတွင်လည်း မိမိနိုင်ငံမှ ပို့ကုန်ပိုမိုတိုး တက်စေရန်၊ နည်းလမ်းရှာဖွေလုပ်ဆောင်ရန်၊ ဗီယက်နမ်နိုင်ငံသို့ ကုန်းတွင်းကုန်သွယ်မှု လမ်းကြောင်းဖွင့်လှစ်နိုင်ပါက ပို့ကုန်များပိုမို တိုးတက်ပို့ဆောင်နိုင်မည့်အပြင် အရှေ့အာရှ နိုင်ငံများသို့ပါ ကုန်သွယ်မှုမြှင့်တင်နိုင်မည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံသို့ ခရီးသွားလုပ်ငန်း ပိုမို တိုးတက် စေရန်လည်း ကြိုးပမ်း လုပ်ဆောင်သင့် ကြောင်း၊ သံရုံးနှင့် စစ်သံရုံးတို့သည် ညီနောင် များဖြစ်၍ စည်းလုံးညီညွတ်စွာ နေထိုင်ရေး၊ လုပ်ငန်းတာဝန်များကို ပူးပေါင်းကူညီဆောင် ရွက်ရေးတို့အား မှာကြား၍ လက်ရှိမြန်မာနိုင်ငံ  တွင် ပြည်သူကရွေးချယ်သည့်ပါတီစုံလမ်း ကြောင်းခိုင်ခိုင်မာမာတည်တည်ငြိမ်ငြိမ်ဖြစ်စေ ရေးအတွက် တပ်မတော်က ပူးပေါင်းပါဝင် ဆောင်ရွက်နေမှု အခြေအနေများ၊ တိုင်းပြည် အတွက် အဓိက လိုအပ်ချက်ဖြစ်သည့် တည်ငြိမ် အေးချမ်းမှုအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အောင်မြင်စေရန် ပူးပေါင်းဆောင်ရွက် နေမှု အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့က စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများ၊ တပ်မတော်အထည် ချုပ်စက်ရုံများမှ အဝတ်အထည်များအား ပေးအပ်ရာ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစုများ၊ စစ်သံမှူးနှင့်ဇနီး၊ စစ်သံရုံးမိသားစုများ၊ သင်တန်းသားများက လက်ခံရယူကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များအား သံရုံးမိသားစုများက ညစာ ဖြင့် တည်ခင်းဧည့်ခံ ခဲ့ကြောင်း သိရှိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...