Social Icons

Pages

Thursday, March 16, 2017

စစ်ကိုင်းမြို့ ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကျင်းပ


သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဘွဲ့ရသံဃာတော်အား ဘွဲ့အပ်နှင်းစဉ်

သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်တွင် ဆရာတော်ကြီးများ ၊ သံဃာတော်များ ၊ သီလရှင်များ ၊ လူပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသူများ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သဒ္ဓမ္မဇောတိက သိမ်တော်ကြီး၌ ပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်  ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ အမှူးပြုသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ ဒေါက်တာဘွဲ့ရ၊ မဟာဝိဇ္ဇာဘွဲ့ရ နှင့် ဝိဇ္ဇာဘွဲ့ရ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ကြွရောက် တော်မူကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ဘွဲ့လက်ခံရယူမည့် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာပြုကြပြီး သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများက ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များ အပ်နှင်းကြသည်။

ထို့နောက် ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများက သီတဂူသစ္စာအဓိဋ္ဌာန် ၁၅ ချက် ရွတ်ဆိုကြပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် အောက်စဖို့ဒ် တက္ကသိုလ် ပါမောက္ခဒေါက်တာ ဓမ္မသာမိ တို့က ဘွဲ့နှင်း သဘင်မိန့်ခွန်းများ ချီးမြှင့်ကြကာ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က နိဂုံးချုပ်သြဝါဒစကား ပြောကြားသည်။

အဆိုပါတတိယအကြိမ် မဟာဘွဲ့နှင်းသဘင် တွင် ဒေါက်တာဘွဲ့ရ သံဃာတော်တစ်ပါး၊ မဟာဝိဇ္ဇာဘွဲ့ရ သံဃာတော်လေးပါးနှင့် သီလရှင်လေးပါး၊ ဝိဇ္ဇာဘွဲ့ရ သံဃာတော် ၁၃၆ ပါး၊ သီလရှင် ၃၅ ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးတို့ကို ဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်း ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...