Social Icons

Pages

Thursday, March 9, 2017

အရှေ့မြောက်တစ်ခွင် သာယာစေချင်သည်


အရှေ့မြောက်တစ်ခွင် သာယာစေချင်သည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင် ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများကို ၁၉၈၈ ခုနှစ်မှ စတင် အကောင်အထည် ဖော်ခဲ့သည်။ နယ်စပ် ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်ရေး လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် သယ်ယူ ပို့ဆောင်ရေး အတွက် လမ်းများကို အဆင့်မြှင့် တင်ချဲ့ထွင်ပေးခြင်း၊ လမ်းခရီးလုံခြုံမှု အလေးထား စောင့်ကြပ်ပေးခြင်း တို့ကို ဆောင်ရွက်ပေး ခဲ့သည်။

လုပ်ငန်းများ ပို၍မြန်ဆန်စေရန် လမ်းခရီးတစ်လျှောက်ရှိ ကုန်သွယ်မှု အတားအဆီးများကို ၂ဝ၁၁ ခုနှစ်မှစ၍ ဖယ်ရှားပေးခဲ့သည့် အပြင် One Stop Service စနစ်ကိုပါ ကျင့်သုံးခဲ့ပြီး တစ်ဦးချင်း ကုန်သွယ်ခွင့် ကိုပါ သတ်မှတ်ချက် နှင့် အညီ ခွင့်ပြုပေး ထားသည်။

နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု တန်ဖိုးအများဆုံးမှာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေးစခန်း ဖြစ်သည်။ မန္တလေး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး ပေါ်တွင် သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ကို ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့သော်လည်း ယနေ့အချိန်တွင် ကုန်တင်ယာဉ် များအားလုံးကို တားဆီး စစ်ဆေးခြင်းမရှိဘဲ သတင်းရရှိမှု အပေါ် မူတည်၍သာ တရားမဝင် ကုန်စည်ဝင်ထွက် သွားလာမှုကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။

ရေပူအမြဲတမ်း စစ်ဆေးရေး စခန်းမှ ယခု မတ် ၁ ရက်တွင် ခန့်မှန်း တန်ဖိုးငွေ ကျပ်သိန်း ၁ဝ၂ဝ ကျော်ရှိသော ကျောက်စိမ်းများ သိုဝှက် သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးနှင့် ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၄၆ သိန်းကျော် တန်ဖိုးရှိ ကျောက်စိမ်းများ သိုဝှက် သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီး၊ မတ် ၃ ရက်တွင် ကားဆီတိုင်ကီ နှင့် ဘန်ပါတွင် အံဝှက်ပြုလုပ်၍ ငွေကျပ်သိန်း ၂ဝဝဝ ကျော်တန်ဖိုးရှိ ကျောက်စိမ်းများ သယ်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီးကို ဖမ်းဆီးရမိသည်။ ခရီးသည်တင် ယာဉ်များမှာလည်း တရားမဝင် သယ်ဆောင်လာသော တယ်လီဖုန်းနှင့် လူသုံးကုန် ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး တစ်လျှောက် သွားလာနေသော ကုန်သွယ်မှုယာဉ် အရေအတွက် သည် မတ် ၅ ရက်တွင် ပို့ကုန် ၇ဝ၂ စီးနှင့် သွင်းကုန် ၈၆ဝ စီးရှိပြီး ကုန်ပစ္စည်းများအား စစ်ဆေး၍ တားဆီးမှု ၁၂ မှုမှ ခန့်မှန်း တန်ဖိုးငွေကျပ် ၂၂ ဒသမ ၇ သန်းရှိသည်။

ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ တို့က ကြိုးပမ်းလျက်ရှိရာ စိုက်ပျိုးရေး သီးနှံထွက်ကုန်များ ဖြစ်သော စပါး၊ နှမ်း၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ကြက်သွန်၊ သခွားမွှေး၊ ဖရဲ စသည့် ရာသီအလိုက် စိုက်ပျိုး ထုတ်လုပ်သော သီးနှံများနှင့် ကျွဲကော၊ သရက်၊ ထောပတ် စသည့် နှစ်ရှည်ပင်များ စိုက်ပျိုး ထုတ်လုပ်ရေး အလေးထား ဆောင်ရွက် နေကြသည်။ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကုန်ထုတ် လုပ်ငန်းများမှ ထွက်ကုန်များမှာ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြည်ပသို့ အများဆုံး တင်ပို့၍ နိုင်ငံတော် အစိုးရနှင့် ပြည်သူတို့ အတွက် အကျိုးပြုလျက် ရှိသည်။ နိုင်ငံတော်၏ ကုန်သွယ်မှု လိုငွေ စုစုပေါင်းမှာ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄ ဒသမ ၁၁ ဘီလီယံ၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၄၄ ဘီလီယံ၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၁၇ ရက်အထိ ၄ ဒသမ ၄၈ ဘီလီယံ ရှိကြောင်း မတ် ၁ ရက်က ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၏ ပြောကြားချက် အရ သိရသည်။

ပြည်ပပို့ကုန် တိုးမြှင့် ထုတ်လုပ်ရေးနှင့် ဈေးကွက်ရရှိရေး နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပူးပေါင်း၍ အားကြိုးမာန်တက် ကြိုးပမ်းနေကြ ချိန်တွင် သယ်ယူပို့ဆောင်ရေး ကဏ္ဍ၌ စိုးရိမ်ဖွယ် အခြေအနေ သတင်းများ ကြားသိရသည်။ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီး လုံခြုံရေးအတွက် တပ်မတော်နှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ ပူးပေါင်း အခြေပြုလျက် ရှိသည့် ကွတ်ခိုင်မြို့နယ် အတွင်းရှိ ပန်လော့စခန်းကို မတ် ၄ ရက် နံနက် ၄ နာရီ မိနစ် ၄ဝ ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်း အင်အား ၇ဝ ခန့်က စခန်း၏ အရှေ့ တောင်ဘက်နှင့် တောင်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အလစ်အငိုက် တိုက်ခိုက်ကြရာ တပ်မတော်သား များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်သဖြင့် သောင်းကျန်းသူများ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွား ကြသည်။ တစ်ချိန်တည်းမှာပင် တပ်မတော်က လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် ရင်ကွဲတောင် စခန်းနှင့် နမ့်ခိုင်တံတား လုံခြုံရေးစခန်း တို့အား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအင်အား ၁၅ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့သဖြင့် တပ်မတော်သား များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေး သွားကြသည်။

နိုင်ငံတော်အတွက် လိုအပ်သော ဘဏ္ဍာငွေကို ကုန်သွယ်မှု လမ်းကြောင်းမှ ရှာဖွေကြရာတွင် လမ်းခရီး လုံခြုံချောမွေ့ရေး ၊ သွင်းကုန် လျော့နည်းရေး ၊ ပို့ကုန်တိုးမြှင့်ရေး တို့သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြသည်။ တစ်ချိန်က စင်ကာပူနိုင်ငံ သည် ကုန်ထုတ်လုပ်ငန်း မဖွံ့ဖြိုးသေး သော်လည်း တစ်ဆင့်ခံ ကုန်သွယ်ရေး စနစ်ဖြင့် ပြည်သူ့ဘဏ္ဍာငွေ ရအောင်ရှာဖွေ နိုင်ခဲ့သည်မှာ တည်ငြိမ်အေးချမ်းမှု ရှိခြင်း၏ ရလဒ်ကောင်း ဖြစ်သည်ကို နမူနာယူ၍ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှု လျော့နည်းရေး အတွက် အဓိက ဖြည့်ဆည်းပေးသော မြန်မာနိုင်ငံ အရှေ့မြောက် ဒေသရှိ မူဆယ်(၁ဝ၅)မိုင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း သာယာဖြောင့်ဖြူး စေလိုသည်မှာ တိုင်းရင်းသား ပြည်သူအားလုံး၏ ဆန္ဒ ဖြစ်ပါသည်။

ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...