ရန်ကုန် ၊ ၁၇-၂-၂၀၁၇
ဂျပန်နိုင်ငံ Sompo Japan Nipponkoa Welfare ဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၆ဝဝဝ ဖြင့် အမြင်အာရုံ မသန်စွမ်းသူများ စာရေး စာဖတ်ခြင်းများ ပြုလုပ်နိုင်မည့် သင်ထောက်ကူ ပစ္စည်းများကို ဝယ်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မျက်မမြင်အသင်း မှသိရသည်။
''ဂျပန်က ပထမဆုံးအကြိမ် လှူဒါန်းတာပါ။ မျက်မမြင်သူ တွေလည်း စာရေးစာဖတ် လုပ်ဖို့ အခွင့်အရေး ရသင့်တယ်။ အသိဉာဏ်တွေ တိုးပွားလာဖို့ အခု စာရေးစာဖတ် လုပ်နိုင်မယ့် သင်ထောက်ကူ ပစ္စည်းတွေ လက်သင်္ကေတ ဖတ်နိုင်မယ့် စာအုပ်တွေထုတ်တဲ့ နေရာမှာ အသုံးပြုသွားမယ်'' ဟု မြန်မာနိုင်ငံ မျက်မမြင်အသင်း ဥက္ကဋ္ဌ ဦးအောင်ကိုမြင့် က ပြောသည်။
လက်ရှိ အမြင်အာရုံ မသန်စွမ်းသူများ အတွက် စာရေးစာဖတ် ပြုလုပ်နိုင်မည့် အသံဖတ် ဆော့ဖ်ဝဲလ် များလည်း တီထွင် အသုံးပြုနေပြီး စာရေးသားနိုင်မည့် စက်ကိရိယာ များလည်း အသုံးပြုနေကာ လက်သင်္ကေတဖြင့် ဖတ်နိုင်မည့် စာအုပ်များကိုလည်း ဖြန့်ချိပေး နေကြောင်း သိရသည်။
''ကျွန်တော်တို့က မြန်မာနိုင်ငံမှာ လူမှုအကျိုးပြု လုပ်ငန်းတွေလုပ်ဖို့ ရည်ရွယ်ပါတယ်။ နောက်ပိုင်းလည်း ဆက်တိုက် ကူညီတာတွေ လုပ်သွားပါမယ်။ မျက်မမြင်တွေ အတွက် လိုအပ်ချက်တွေ ရှိနေလို့ ကူညီပေး တာပါ'' ဟု Sompo Japan Nipponkoa Welfare မှ အထွေထွေမန်နေဂျာ Keiji Okada ကပြောသည်။
Sompo Japan Nipponkoa Welfare မှထောက်ပံ့မှုကို ၂ဝ၁၂ ခုနှစ်မှစတင်ပြီး နှစ်စဉ်ပြုလုပ်နေခြင်း ဖြစ်ကာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လူမှု အဖွဲ့အစည်း များကို အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း Keiji Okada က ပြောသည်။
မြန်မာနိုင်ငံတွင် အမြင်အာရုံ မသန်စွမ်းသူ တစ်သိန်းကျော်ခန့် ရှိနေပြီး မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေးထောက်ပံ့ မှုများအပြင် သွားလာရေး အဆင်ပြေစေမည့် ပတ်ဝန်းကျင်ကောင်း များလည်း ဖန်တီးပေးရန် များစွာလိုအပ် နေကြောင်း မြန်မာနိုင်ငံ မျက်မမြင် အသင်းမှ သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)
No comments:
Post a Comment