Social Icons

Pages

Friday, February 17, 2017

ဇရာ၏ ထုထောင်းမှုကို သဘာဝနည်းစနစ်များဖြင့် ရင်ဆိုင်အန်တုခြင်း


ဇရာ၏ ထုထောင်းမှုကို သဘာဝနည်းစနစ်များဖြင့် ရင်ဆိုင်အန်တုခြင်း

( တီအမ်ကေ ဘာသာပြန်သည် )

အသက် ၄ဝ ကျော်ရင် ဘဝစတယ် ဆိုတာ ဆိုလိုရင်းတော့ အတော်များမယ် ထင်ပါတယ်။ အဲဒီအရွယ်မှာ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ နေတတ်ပါတယ်။ မဖျားဘဲ၊ မနာဘဲ အထိုင်များလို့ ဖြစ်စေ၊ ကိုယ်လက် လှုပ်ရှားမှု နည်းလို့ဖြစ်စေ ၊ အစားမှားလို့ ဖြစ်စေပေါ့။ တစ်ကိုယ်လုံး တုပ်ကွေးမိထား သလို နာကျင်ကိုက်ခဲ နေမယ်၊ ကြွက်သားတွေကလဲ အားမရှိတဲ့နေရာနဲ့၊ မာတောင့်နေတဲ့ နေရာနဲ့၊ အရွတ်တွေကလဲ နာ၊ ဇက်ကြောတွေ လဲတက်၊ အိပ်လို့ကမရနဲ့ အသက် ၄ဝ ကျော်မှဘဝ စတယ်ဆိုတာ ဒါမျိုးများလား ဆိုပြီး လူလတ်ပိုင်းတွေ ညည်းညူဖူးကြ မှာပါ။

ဆေးကလဲ ဘာဆေးသောက်ရမှန်း မသိ။ ကိုယ်တိုင်လုပ်လို့ မရပေမယ့် စိတ်ချရတဲ့နေရာ ရှိရင် အပ်စိုက်ကုထုံး နဲ့ အဆင်ပြေပါတယ်။ အပ်စိုက်ပညာရှင် တွေက ခန္ဓာကိုယ်ရဲ့ အကြောအခြင်တွေ ဆုံတဲ့ နေရာတွေကို အပ်စိုက်ထားပြီး လျှပ်စစ်ဓာတ်အား လွှတ်ပေးပါတယ်။ တစ်ဖက်က အပ်စိုက်ပြီး တစ်ဖက်က လျှပ်စစ်ဓာတ်အား လွှတ်ထားပေး လိုက်တဲ့အခါ နာကျင်မှုတွေ အတော့်ကို သက်သာသွားလေ့ ရှိသလို ကြုံလှီနေတဲ့ အကြောတွေ ကိုလဲ ပြန်လည်သန်စွမ်း စေနိုင်ပါတယ်။

ယောဂလေ့ကျင့်ခန်း တွေကတော့ စိတ်ဖိစီးမှုကို လျှော့ချဖို့နဲ့ ကြွက်သားတွေကို နူးညံ့ပျော့ပျောင်း စေဖို့ အကောင်းဆုံးထဲမှာ ပါပါတယ်။ နာကျင်မှုကို လျော့စေပြီး စိတ်ကိုတည်ငြိမ် စေသလို စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ကော်တီစောဟိုမုန်း ကိုလဲ အသွင်ပြောင်း စေနိုင်ပါတယ်။

ကြွက်သား နာကျင်ကိုက်ခဲမှု အတွက် အပူပေးတဲ့ သဘာဝကုထုံး ကလဲ သင့်တော်ပါတယ်။ သွေးကောင်းကောင်း မလျှောက်လို့ မာတောင့်ပြီး နာကျင်ကိုက်ခဲ နေတဲ့ ကြွက်သားတွေ အတွက် ရေနွေးပူပူနဲ့ ရေချိုးပေးခြင်း၊ အဝတ်အစားတွေကို မဝတ်ခင်ဆံပင် လေမှုတ်စက်နဲ့ ပူအောင် လုပ်ပြီးမှဝတ်ခြင်း၊ ဒါမှမဟုတ် အီလက်ထရွန်းနစ် အပူပေးကိရိယာ တွေကို အသုံးပြုခြင်းနဲ့ သက်သာစေနိုင် ပါတယ်။ ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဒီ ကျဆင်းနေရင်လဲ နာကျင်ကိုက်ခဲ ပါတယ်။ ဗိုက်တာမင်ဒီ ကို အကောင်းဆုံး ရနိုင်တဲ့ အရင်းအမြစ်က နေရောင်ခြည်ပါ။ မနက် နေရောင်ခြည်နု လေးကို နေပူဆာလှုံပေးပါ။ နှိပ်နယ်တာကတော့ ကောင်းတာပေါ့။ ဒါပေမဲ့ ကြာရှည် မသက်သာ တာဆိုးတာပါ။ နှိပ်တုန်းခဏပဲသ က်သာတာပါ။ သို့သော် ကိုယ့်ကို အချိန်မှန် ခြေဆုပ်လက်နယ် ပြုပေးနိုင်သူ ရှိရင်တော့ အလွန်အဆင်ပြေ မှာပါ။

ခန္ဓာကိုယ်မှာ မက်ဂနီစီယမ် ချို့တဲ့ရင်လဲ နာကျင်ကိုက်ခဲ လွယ်ပါတယ်။ မက်ဂနီစီယမ် အားဖြည့်ဆေးတောင့် လေးတွေ ၀ယ်သောက်လို့ ရပါတယ်။ နောက်ပြီး ငရုတ်သီး အပွတောင့်ကြီး တွေကို ချက်စားပေးပါ။ ဒီငရုတ်သီးအပွ တွေဟာ နာကျင်မှု သံသရာကို အနှောင့်အယှက် ပေးပါတယ်။ နာကျင်မှုကိုလဲ သက်သာစေပါတယ်။

အခုနောက်ပိုင်း Biofeedback ဆိုတဲ့ နည်းစနစ်တစ်မျိုး ကိုလဲ စမ်းသပ်နေကြ ပါတယ်။ ခန္ဓာကိုယ်ရဲ့ဇီဝလက္ခဏာတွေ ဖြစ်တဲ့ အရေပြားအပူချိန်၊ ကြွက်သားတင်းမာမှု အစရှိတာတွေကို အချက်ပြစနစ် အဖြစ် အသုံးပြုပြီး စိတ်နဲ့နာကျင်မှုကို ထိန်းချုပ်နိုင်မယ့် စနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်ဘယ်လို အလုပ်လုပ်တယ်၊ ဘယ်လိုလေ့ကျင့် ရမယ် ဆိုတာကို တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး

နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ မယ်လတိုနင်း ပါတဲ့ အစားအစာတွေကို စားကြပါတယ်။ ဒါပေမဲ့ မယ်လတိုနင်းက နာကျင်ကိုက်ခဲမှု အတွက်လဲ ကောင်းပါတယ်။ နာကျင်ကိုက်ခဲမှု ကြောင့် အိပ်မရတာ ဆိုတော့ မယ်လတိုနင်း သောက်လိုက်ရင် နှစ်မျိုးလုံး အတွက် ကောင်းသွား တာပေါ့။

နာနတ်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဝက်သစ်ချသီး၊ ပြောင်းဖူး၊ ဆန်၊ ခရမ်းချဉ်သီး၊ ဘာလီစေ့ တို့ဟာ မယ်လတိုနင်းဓာတ် ပေါကြွယ်ဝ ကြပါတယ်။

ကျောရိုးနဲ့ အဆစ်အမျက်ကို နားလည် တတ်ကျွမ်းသူတွေနဲ့ နှိပ်နယ်ပြုပြင် တာလဲ လုပ်ကြပါတယ်။ ကျောရိုးအနေအထား ကာလရှည်ကြာ မှားယွင်းလာတော့ အာရုံကြော ညှပ်တာတွေ ဖြစ်ပါတယ်။ ကျောရိုး အာရုံကြော ညှပ်တော့ ခါးနာ၊ ခါးကိုက်ပါတယ်။ ခြေထောက်အထိ ပါသွားပြီး ခြေထောက်ထုံတာ၊ ကျဉ်တာ၊ ခွေလဲကျတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကျောရိုးကို တည့်မတ်စေပြီး သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပေးရင် ပြန်သက်သာ ပါတယ်။

ဒီတော့ အသက် ၄ဝ ကျော်ရင် ဘဝစတယ်ဆိုတာ အဓိပ္ပာယ် သက်ရောက်မှု အမျိုးမျိုးရှိတာ အမှန်ပါပဲ။ ဘဝတစ်သက်တာ ပြင်ဆင်ပြီးလို့ အေးအေးဆေးဆေး နေလို့ ရတော့မယ်လဲ ဖြစ်နိုင်သလို အခုဖော်ပြခဲ့ သလိုပဲ နာကျင်ကိုက်ခဲမှု ပေါင်းမြောက်မြားစွာ ကို ဆေးသောက်ရမှာ လိုလို၊ အစားရှောင်ရမှာ လိုလို၊ လေ့ကျင့်ခန်း လုပ်ရမှာလိုလိုနဲ့ မဝံ့မရဲကျော်ဖြတ် နေရတဲ့ နေ့ရက်တွေရဲ့ အစလဲဖြစ်နိုင် ပါကြောင်း လေ့လာရေးသား လိုက်ရပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...