Social Icons

Pages

Friday, February 24, 2017

ဆိုက်ဘာပြစ်မှုကျူးလွန်ကြသူများ တစ်ချိန်ချိန်မှာ ရပ်တန့် သွားနိုင်မလား


ဆိုက်ဘာပြစ်မှုကျူးလွန်ကြသူများ တစ်ချိန်ချိန်မှာ ရပ်တန့် သွားနိုင်မလား

( TMK ဘာသာပြန်သည် )

သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာ တိုးတက်လာပြီး အင်တာနက်ကို ၂၄ နာရီချိတ်ဆက် အသုံးပြုနိုင်လာခဲ့ ပြီးတဲ့နောက် ကမ္ဘာပေါ်မှာ ဆိုက်ဘာပြစ်မှုတွေ ဟာလည်း အတောမသတ် နိုင်အောင် ဖြစ်ပွားလျက် ရှိပါတယ်။ ဘဏ်တွေကနေ လူပေါင်းသန်းနဲ့ ချီတို့ ရဲ့  ကိုယ်ရေး အချက်အလက် တွေကို ခိုးယူကြပါတယ်။ အဖွဲ့ အစည်းတွေရဲ့  အရေးကြီး စာရွက်စာတမ်းေ တွကို ခိုးယူကြပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့  လူမှုကွန်ရက် အကောင့်တွေကို ၀င်ရောက်သိမ်းပိုက်ပြ ကြပါတယ်။ ဘာအတွက်လဲ။ 

အရင်းအမြစ်နှင့်ရည်ရွယ်ချက် ။ ဆိုက်ဘာပြစ်မှုအစ ရုရှားက လို့ ပြောရင် အခုအချိန်အထိ မှန်နေဆဲပါ။ ရုရှားဆိုတာ အခုရုရှားကိုပြောတာ မဟုတ်ဘဲ တစ်ချိန်က USSR ကိုပြောတာပါ။ ဒီတော့ လက်ရှိ ရုရှားလည်း ပါဝင်သလို ယူကရိန်း၊ ကာဇက်ကစ္စတန်၊ ဘယ်လာရုစ် အစရှိတဲ့နိုင်ငံ တွေလည်း ပါဝင်ပါတယ်။ ဆိုဗီယက် ယူနီယံကြီး မပြိုကွဲခင်ကဆိုတော့ အိုင်တီ နည်းပညာလည်း ဒီလောက် မတိုးတက်သေး သလို အင်တာနက် ဆိုတာဟာလည်း အခုလို အားပါးတရ သုံးစွဲလို့ မရသေးတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ရုပ်ရှင် တွေ၊ သီချင်းခွေတွေကို ခိုးကူးဖြန့် ချိဖို့ ၊ နိုင်ငံရေးအရ တားမြစ်ကန့်သတ်ထားတဲ့ အကြောင်းအရာတွေကို ဖတ်ရှုဖို့  အဓိကဆောင်ရွက် ခဲ့ကြတာပေါ့။ နောက်ပိုင်းမှာတော့ malware တွေရေးပြီး အခြားကွန်ပျူတာ တွေကို တိုက်ခိုက်တာ၊ သတင်း အချက်အလက် ခိုးယူတာတွေ လုပ်ခဲ့ကြရာကနေ ဒီနေ့ ဆိုရင် ကိုယ်ကျိုးစီးပွား အတွက်ဖြစ်စေ၊ နိုင်ငံရေးအရ ဆိုက်ဘာစစ်ပွဲ ဆင်နွဲတာဖြစ်စေ၊ လုပ်ကိုင်နေကြခြင်း ဖြစ်ပါတယ်။ 

ဟက်ကာလောက က ဘယ်လိုမျိုးလဲ ။ သူတို့ ရဲ့ မှောင်ခိုဈေးကွက် ရှိပါတယ်။ သူတို့ ဘာတွေ လုပ်နေကြ သလဲ၊ အောင်မြင်မှု ဘယ်လောက် ရနေကြသလဲ၊ ဘာဆက်လုပ်မှာလဲ ဆိုတာကို သိရအောင်လို့  နိုင်ငံတကာက အစိုးရအဖွဲ့တွေကလည်း သူတို့ ရဲ့ လူတွေကို သူလျှိုအဖြစ် အဲဒီဟက်ကာ လောကတွေမှာ ပြန်ပြီးမြုပ်နှံထား ရပါတယ်။ အဲဒီမှာ လူဆိုးဟက်ကာနဲ့ လူကောင်းဟက်ကာ ဆိုပြီး Black Hacker နဲ့  White Hacker ဆိုတာ ဖြစ်လာပါတယ်။ လူဆိုးဟက်ကာတွေမှာ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ အများ တွေးထင်ထားသလိုပဲ လျှို့ ဝှက်နေရာ တစ်နေရာကနေ အလုပ်လုပ်တာဖြစ်ပြီး နောက်တစ်မျိုးကတော့ လူတွေကြားထဲမှာ ခင်ဗျားတို့ ၊ ကျွန်တော်တို့ လိုပဲ လျှောက်သွားနေကြပါတယ်။ အင်တာနက်၊ လက်ပတော့ အစရှိတာတွေကို ပေါ်ပေါ်တင်တင် အသုံးပြုနေကြပြီး ရံဖန်ရံခါ သင့်အနားမှာ ထိုင်ပြီး ခပ်တည်တည် ဟက်ကာ အလုပ်ကို လုပ်ကောင်းလုပ်နေ နိုင်ပါတယ်။ အထူးသဖြင့် ရုရှားမှာဆိုရင် လူတွေကြားထဲမှာ ဟက်ကာ တွေ ပြောင်ပြောင်တင်းတင်း ကို အလုပ်လုပ်ကြ ပါတယ်။ 

အဖွဲ့ အစည်းနဲ့  အလုပ်လုပ်ကြတာပါ ။ ဟက်ကာတွေရဲ့ ဖိုရမ်တွေ အများကြီးပါ။ အဲဒီဖိုရမ်တွေမှာ spam, phising, malware, web attack တွေ ဘယ်လိုလုပ်မယ်၊ ငွေဘယ်လိုယူမယ် အစရှိသည်ဖြင့် သတင်းနဲ့  နည်းပညာ အပေးအယူ လုပ်ကြပါတယ်။ ငွေဘယ်လိုရယူ ကြသလဲ။ ဆော့ဖ်ဝဲအတု သုံးပါတယ်။ ၂၀၀၇-၀၈ မှာ ကြောက်စရာကောင်းတဲ့ ဟက်ကာလှိုင်းကြီး တိုက်ခတ်ခဲ့ပါတယ်။ anti-virus ဆော့ဖ်ဝဲအတုပါ။ လူတွေက anti-virus ဆော့ဖ်ဝဲ လို့ ယုံကြည်ပြီး ကွန်ပျူတာတွေမှာ ထည့်သွင်းကြ ပါတယ်။ အဲဒီဆော့ဖ်ဝဲက သင့်ကွန်ပျူတာကို အခုပဲ စစ်ပြီးပါပြီ။ ပြစ်ချက် ၂၃၂  ခု တွေ့ ရှိပါတယ်။ အခုချက်ခြင်း ရှင်းလင်းလိုက်ပါ။ အဲဒီအတွက် ၃၅ ဒေါ်လာပဲ ကျပါမယ် ဆိုတဲ့နည်းနဲ့  လိမ်တာပါ။ လူအတော်များများ ခံလိုက်ရပါတယ်။ လူတွေစီကနေ anti-virus အတုနဲ့  ငွေတွေလိမ်လည် ရယူသလို credit card နဲ့  ငွေသွင်းကြတာ ဆိုတော့ ငွေသွင်းသူတွေ ခမျာမှာ ကိုယ်ရေး အချက်အလက် တွေလည်း အခိုးခံခဲ့ရပါတယ်။ ဒီလိမ်လည်နည်း အခု အချိန်အထိ ရှိနေပါတယ်။ သို့ သော် လူသိများသွားပြီမို့  ဟက်ကာတွေ နောက်တစ်မျိုး ပြောင်းကြံပါတယ်။ 

ခြိမ်းခြောက်ပါတယ် ။ လူတွေကို ကြောက်အောင် ခြောက်လှန့် လိုက်ရင် ပိုက်ဆံထွက်လာတယ် ဆိုတာ သူတို့ သိကြပါတယ်။ ကွန်ပျူတာကို ဖွင့်လိုက်တဲ့အခါ ဖန်သားပြင်ပေါ်မှာ သင်ဟာ ကလေး ညစ်ညမ်းဓာတ်ပုံ တွေ ဖြန့်ချိနေတာကို အတိအကျခြေရာခံမိ သွားပါပြီ။ ရဲတပ်ဖွဲ့ ဝင်တွေကို အကြောင်းမကြားခင် သင့်အနေ နဲ့  ကျွန်ုပ်တို့ အဖွဲ့  အတွက် ရန်ပုံငွေ ၁၄၀ ဒေါ်လာ ထည့်ဝင်ပေးမယ် ဆိုရင်ဖြင့် အဲဒီ အထောက်အထားတွေ ကို ပြန်ဖျက်လိုက်ပါမယ် ဆိုတာလိုမျိုး ခြိမ်းခြောက်ပါတယ်။ ကာယကံရှင်တွေကလည်း ဟင်း၊တောက်၊ ကလေးတွေ ဆော့တယ်နဲ့ တူတယ်၊ ဟိုကောင် ၀င်ကြည့်တယ်နဲ့ တူတယ် အစရှိသည်ဖြင့် တွေးကြောက်ပြီး ပေးလိုက်ပါမယ်လေဆိုပြီး ပေးကြပါတယ်။ အဲဒီလို အလိမ်ခံရသူတွေ များလွန်းလို့  အမေရိကန်ရဲတပ်ဖွဲ့ က အဲဒီလိုငွေတောင်းခံ လာရင်မပေးကြဖို့  အသိပညာပေး လှုံ့ ဆော်တာကို အချိန် အတော်ကြာအောင် လုပ်ခဲ့ ရပါတယ်။ အခုလည်း Facebook လို လူမှုကွန်ရက် စာမျက်နှာတွေကို ၀င်ထိန်းချုပ်ပြီး ခြောက်လှန့် ခြိမ်းခြောက်ပြီးတော့ ငွေညှစ်နေကြတုန်းပါပဲ။ 

ဓားစာခံဖမ်းတဲ့ဆော့ဖ်ဝဲတွေ အသုံးပြုပါတယ် ။ Ransome Ware လို့ ခေါ်ပါတယ်။ ကွန်ပျူတာထဲက ဖိုင်တွေ ဘာမှဖွင့်မရ တော့အောင် ထိန်းချုပ်ပစ်ပါတယ်။ ပြီးရင် ပိုက်ဆံတောင်းပါတယ်။ ၂၀၁၀ ကနေ ၂၀၁၃ အထိ မှာဆိုရင် ရဲတပ်ဖွဲ့ တွေရဲ တရားဝင် စာမျက်နှာလို  အတုတွေလုပ်ပြီး သတင်းမှားတွေ ထုတ်ပြန်ပြီးတော့ သူ တို့ ကိုလူတွေ ပိုကြောက်လာအောင် ခြောက်လှန့် ခဲ့ကြပါတယ်။ 

Bitcoin ကြောင့်လည်း အခြေအနေ ပိုဆိုးလာခဲ့ပါတယ် ။ Credit Card နဲ့  အခြား ငွေပေးခြေမှု စနစ်တွေထက် ကောင်းတယ်ဆိုပြီး Bitcoin နဲ့ငွေပေးချေတဲ့ စနစ်ဟာ တွင်ကျယ်လာခဲ့တာနဲ့ အမျှ ဟက်ကာများ အတွက်လည်း ငွေရယူဖို့ ပိုပြီးလွယ်ကူ လာခဲ့ပါတယ်။ 

လူထုမှာ ဘယ်လိုဆုံးရှုံးမှုတွေ ဖြစ်သလဲ ။ ဟက်ကာတွေရဲ့  တိုက်ခိုက်မှုကြောင့် အလုပ်ချိန် ပျက်ပါတယ်။ အလုပ်ပြီးမြောက်မှု ကြန့် ကြာသွားတဲ့ အတွက် ဆုံးရှုံးမှုဖြစ်ပါတယ်။ ဟက်ကာတွေ တောင်းသလောက် ပေးရပါတယ်။ ဆုံးရှုံးမှု ထပ်ဖြစ်ပါတယ်။ ပြီးတော့ သူတို့  တိုက်ခိုက်ထားတာကို ပြန်ဖျက်ဖို့  ငွေထပ်ကုန်ပါ တယ်။ ဆုံးရှုံးမှု ထပ်ဖြစ်ပါတယ်။ (၁၄)လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ransome ware တိုက်ခိုက်မှု ၉၉၂ မှု ကြောင့် ဆုံးရှုံးမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၈ သန်း ရှိခဲ့ပါတယ်။ ဒါဖြစ်ရင် လူပေါင်းသန်းနဲ့ ချီကို တိုက်ခိုက်တဲ့ အမှုတွေကြောင့် ဆုံးရှုံးမှု ဘယ်လောက်တောင် ကြီးနိုင်တယ် ဆိုတာကို ခန့် မှန်းကြည့်နိုင်ပါ တယ်။ ဒါတွေဘယ်တော့ ရပ်တန့် မှာလဲ။ ဘယ်တော့မှ ရပ်တန့် မှာ မဟုတ်ပါဘူး။ ဘယ်လိုကာကွယ် ရမလည်း ဆိုရင်တော့ သင့်ဖုန်း ၊ကွန်ပျူတာ၊ အင်တာနက် အစရှိတာတွေကို လုံးဝဥဿုံ သံယောဇဉ်ဖြတ်နိုင်မယ် ဆိုရင်တောင် သင်နဲ့ ပတ်သက်တဲ့ အဖွဲ့ အစည်း တွေက အတိုက်ခိုက်ခံရမှာပဲ ဖြစ်လို့  ဂယက်ကို သင်လည်း ခံရမှာပဲဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...