Social Icons

Pages

Wednesday, March 1, 2017

တရားစီရင်ရေးကျင့်ဝတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကျင်းပ



နေပြည်တော် ၊ ၁-၃-၂၀၁၇

ပြည်ထောင်စု တရားလွှတ်တော်ချုပ် နှင့် ဒိန်းမတ်နိုင်ငံသံရုံး အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များ အဖွဲ့ (International Commission of Jurists-ICJ) ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (United Nations Development Programme-UNDP) တို့ပူးပေါင်း ၍ တရားစီရင်ရေး ကျင့်ဝတ် ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာ တတိယအကြိမ် အဆင့်မြင့် ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Horizon Lake View Resort ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စု တရားသူကြီးချုပ် က တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ် အနေဖြင့် နိုင်ငံတကာ စံနှုန်းများ၊ တရားစီရင်ရေး ဆိုင်ရာ ဘန်ဂလော အခြေခံမူများတွင် ပါရှိသည့် အချက်များနှင့် ကိုက်ညီပြီး အကျိုး သက်ရောက်မှု ရှိစေရန်နှင့် တရားသူကြီးများ၊ တရားရေး အရာရှိများက လေးစား လိုက်နာရန် လိုအပ်ကြောင်း၊ ယခု ဆွေးနွေးပွဲတွင် တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ်အပေါ် ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် ကျင့်ဝတ်တွင် ပါဝင်သင့်သည့် အရေးပါသော အချက်များကို ချမှတ်ဆောင်ရွက် နိုင်ရန်နှင့် တရားစီရင်ရေး ကဏ္ဍ တစ်ရပ်လုံး အတွက် ပထမဆုံးဖြစ်ပြီး ပြည့်စုံ ကောင်းမွန်သည့် တရားစီရင်ရေး ဆိုင်ရာ ကျင့်ဝတ် ထုတ်ပြန် နိုင်ရန်အတွက် ဆွေးနွေး ဆောင်ရွက်သွား ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr.Peter Lysholt Hansen နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Country Director Mr.Peter Bachelor တို့က အမှာစကား အသီးသီး ပြောကြား ကြသည်။

အခမ်းအနားသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရား လွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး နှင့် ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များနှင့် ဒိန်းမတ်နိုင်ငံ သံရုံးမှ သံအရာရှိများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များအဖွဲ့ (ICJ) နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့မှ ပညာရှင်များ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ် ၁ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...