Social Icons

Pages

Monday, December 12, 2016

တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


နေပြည်တော် ၊ ၁၂-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး အနီး ပတ်ဝန်းကျင်၌ တပ်မတော် စစ်ကြောင်းက ခရီးသွား ပြည်သူများ အေးချမ်း တည်ငြိမ်စွာ သွားလာနိုင်ရေး အတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ နမ့်အွန် ကျေးရွာ၏ အနောက်ဘက် ၆ မိုင်ခန့်အကွာ သို့ရောက်ရှိစဉ် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အင်အား ၃၀ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် ရန်သူများ မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

တပ်မတော် စစ်ကြောင်းက ဆုတ်ခွာထွက်ပြေး သွားသည့် ရန်သူ့နောက် သို့ စနစ်တကျ လိုက်လံ ရှင်းလင်းရာ တိုက်ပွဲ ဖြစ်ပွားသည့် နေရာ အနီးတစ်ဝိုက်မှ အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ရှေ့ထွက်မိုင်း တစ်လုံးအား တွေ့ရှိသဖြင့် အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိစေရေး တပ်မတော် စစ်ကြောင်းမှ အထူး မိုင်းရှင်းလင်းရေး အဖွဲ့ များဖြင့် သက်မဲ့ပြုလုပ် ရှင်းလင်းပြီး ဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် အလျား ၈ လက်မ၊ အမြင့် ၄ လက်မ၊ ထု ၁ လက်မခန့်ရှိ အနက်ရောင် ရှေ့ထွက်မိုင်း တစ်လုံး၊ စနက်တံဖျူ့စ် နှစ်ချောင်း၊ ဓာတ်ခဲအသေး သုံးလုံးပါ ဆားကစ်အုံ တစ်ခု နှင့် ၆ ပေခန့်ရှိ ၀ါယာကြိုး အသေးတစ်ချောင်း တို့အား သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...