Social Icons

Pages

Friday, December 2, 2016

ရွှေစည်းခုံစေတီတော်မြတ်ကြီး ၌ ရွှေစင်ရွှေပြားများ ပထမဆုံးအကြိမ် ကပ်လှူမည်



ညောင်ဦး ၊ ၂-၁၂-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ၏ အထင်ကရ စေတီတစ်ဆူ ဖြစ်သော ညောင်ဦးမြို့နယ်ရှိ ရွှေစည်းခုံ စေတီတော် မြတ်ကြီးကို ယခင်က မျက်ပါးရွှေဆိုင်း များကိုသာ ကပ်လှူခဲ့သော်လည်း ယခုအခါ ပထမဆုံးအကြိမ် အဖြစ် ကိုးလက်မပတ်လည် ရွှေစင် ရွှေပြားများ ကပ်လှူမည် ဖြစ်ကြောင်း စေတီတော် ဂေါပကရုံးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရွှေစင်ရွှေပြား ကပ်လှူရာတွင် ကြာမှောက်၊ ကြာလန်နှင့် ရွဲလုံးကြီးများ အတွက် ကိုးလက်မပတ်လည် ရွှေစင်ရွှေပြား ၁၆၃၅ ပြား ကပ်လှူရန် လျာထားပြီး ဖောင်းလုံးကြီး များနှင့် ခေါင်းလောင်းတော် ကြီးများကို မျက်ပါးရွှေဆိုင်းများ ကပ်လှူသွားမည် ဖြစ်ရာ စုစုပေါင်းငွေကျပ် သိန်းပေါင်း ၃ဝဝဝဝ ကျော် ကုန်ကျမည် ဖြစ်ကြောင်း သိရသည်။

ရွှေအလေးချိန် တစ်ကျပ်ခွဲသား ပါရှိသည့် ကိုးလက်မ ပတ်လည် ရွှေစင်ရွှေပြား တစ်ချပ်ကို တန်ဖိုးအားဖြင့် ငွေကျပ် ၁၂ သိန်းခန့် သတ်မှတ်ထားသည်။ ဖောင်းလုံးကြီး များနှင့် ခေါင်းလောင်းတော်ကြီး အတွက် မျက်ပါးရွှေဆိုင်း ကပ်လှူရန် တင်ဒါစနစ်ဖြင့် ခေါ်ယူခဲ့ရာ ၅၆ ဦး တင်ဒါတင်သွင်း ခဲ့သော်လည်း ရွှေဆိုင်း တစ်ဆိုင်းလျှင် ငွေကျပ် ၃၈ဝဝဝ နှုန်းဖြင့် တင်သွင်းသူ ၂၁ ဦးကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံ စေတီတော် မြတ်ကြီးအား နောက်ဆုံးအကြိမ် မျက်ပါးရွှေဆိုင်း ကပ်လှူပူဇော်မှု မှာ ၂ဝဝ၈ ခုနှစ်တွင် ကပ်လှူခဲ့ခြင်း ဖြစ်ပြီး မျက်ပါးရွှေဆိုင်း များကိုသာ ကပ်လှူခဲ့သည်။

ရွှေစည်းခုံ စေတီတော်မြတ် ကြီးသည် မြတ်စွာဘုရား၏ စွယ်တော်၊ နဖူးသင်းကျစ်တော် များကို ဌာပနာထားသော မြေပေါက်စေတီ ဖြစ်ပြီး ဉာဏ်တော် အမြင့်ပေ ၁၆ဝ၊ ဖိနပ်တော် အကျယ်ပေ ၁၆ဝ ရှိသည်။ စေတီတော်မြတ် ကြီးအား မြန်မာသက္ကရာဇ် ၁ဝ၃၁ ခုနှစ်တွင် အနော်ရထာမင်းကြီး စတည်ပြီး ၁ဝ၈၉ ခုနှစ်တွင် ကျန်စစ်သား မင်းကြီးက ကျန်ရှိနေ သည့်အပိုင်းများကို ဆက်တည်ခဲ့ရာ ၁ဝ၉ဝ ပြည့်နှစ်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...