Social Icons

Pages

Friday, December 9, 2016

ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်နည်း


ဆေးလိပ်သောက်ချင်စိတ်ကို ချိုးနှိမ်နည်း

( ပေါက်ပေါက် )

ဆေးလိပ် တစ်လိပ်မှာ ဓာတုပစ္စည်း ပေါင်း ၄ဝဝဝ ကျော်ပါဝင်ပြီး ၄င်းတို့အနက် ၄၃ မျိုးသော ဓာတုပစ္စည်း များဟာ ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်စေနိုင်ကြောင်း၊ ဆယ်ကျော်သက် နှင့် သက်လတ်ပိုင်း အရွယ်ကတည်းက ဆေးလိပ် စသောက်လာသူ တွေဟာ ဆေးလိပ်လုံးဝ မသောက်သူထက် အသက် ၂၄ နှစ်ပိုတို နိုင်ကြောင်း၊ ဆေးလိပ်ငွေ့ဟာ ကာဗွန် မိုနောက်ဆိုက် ဖြစ်ပြီး ၄င်းဟာ အဆိပ်ငွေ့ ဖြစ်ကြောင်း၊ ထိုအဆိပ်ငွေ့က ဆေးလိပ် သောက်သုံးသူရော တစ်ဆင့်ခံ စီးကရက် မီးခိုးငွေ့ရှူရှိုက် သူတွေပါ မြောက်မြားစွာသော ကျန်းမာရေး ဘေးထွက် ဆိုးကျိုးတွေ ဖြစ်စေကြောင်း စသည့်ဆိုးကျိုး များကြောင့် ကျန်းမာရေး သုတေသီတွေက မကြာခဏ ဆိုသလို အသိပညာပေး နှိုးဆော်လျက် ရှိပါတယ်။ ဒါ့ပြင် ကမ္ဘာတစ်ဝန်းက ဆေးလိပ်ရဲ့ဆိုးပြစ် များကို သိမြင်လာကြပြီး ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းကို တစ်စထက်တစ်စ ဆောင်ရွက်လာရာမှ နှစ်စဉ် မေလ ၃၁ ရက်နေ့ကို  ''ကမ္ဘာ့ဆေးလိပ် တိုက်ဖျက်ရေးနေ့ (ဆေးလိပ် မသောက်ရနေ့)'' သတ်မှတ်ကာ ဆေးလိပ် တိုက်ဖျက်ရေး လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လာကြပါတယ်။

သို့သော် ဆေးလိပ်သောက်သူ ဦးရေ လျော့ကျမလာဘဲ ပို၍သာတိုးပွားလို့ နေပါတယ်။ အကြောင်းရင်းမှာ ပတ်ဝန်းကျင်၌ ဆေးလိပ်ကို အလွယ်တကူ ရခြင်း၊ ဈေးနှုန်း ချိုသာခြင်း၊ စီးပွားရေးသမား များ၏ ဈေးကွက် မြှင့်တင်မှု ကြော်ငြာအား ကောင်းခြင်း၊ အခကြေးငွေဖြင့် ကြော်ငြာပေးသော သရုပ်ဆောင် မော်ဒယ်လ်များကို အားကျမိကာ အတုခိုးမှားခြင်း၊ စူးစမ်းလေ့လာမိ ရာမှစ၍ စွဲလမ်းသွားခြင်း၊ အတုမြင် အတတ်သင်ခြင်း၊ သူငယ်ချင်း အပေါင်းအသင်း များ၏ အဆွယ်ကောင်းခြင်း၊ အုပ်စု လိုက်အဖွဲ့လိုက် အပေါင်းအသင်း တချို့၏ ဖိအားပေးမှု ခံရခြင်း၊ ကျန်းမာရေး ဗဟုသုတနည်းကာ မိရိုးဖလာ လက်ဆင့်ကမ်း သောက်သုံးခြင်း စသည့် အကြောင်းကြောင်း များကြောင့် ဆေးလိပ်စသောက် လာဖြစ်ကြပါ တယ်။ နီကိုတင်းဓာတ်ဟာ လူကိုစွဲလမ်း စေတတ်သော ဂုဏ်သတ္တိရှိပြီး စိတ်ကိုပါ ပြောင်းလဲ စေတတ်ပါတယ်။ လေ့လာမှုမှတ်တမ်း များအရ နီကိုတင်းကို စွဲလမ်းမှုဟာ အရက်ကို စွဲလမ်းမှုထက် ၆ ဆမှ ၈ ဆအထိ ပိုပါတယ်။ ဒါကြောင့်လည်း နီကိုတင်းကို သုံးစွဲမိသွားသူများမှာ ၉၅ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ဖြစ်သွားကြပါတယ်။

ဆေးလိပ်ရဲ့ ဆိုးပြစ်တွေကို သိလို့ ဆေးလိပ်ဖြတ်ချင် ပေမယ့် စိတ်ဆန္ဒ ပြင်းပြခြင်းကို ချိုးနှိမ်ဖို့ ခဲယဉ်းတာမို့ တချို့သူတွေမှာ ခဏတာမျှသာ ဆေးလိပ်ပြတ် ကြပြီး တချို့ကလည်း လုံးဝဖြတ်မရ ဖြစ်နေကြ ပါတယ်။ မည်သူမျှ မွေးကတည်းက ဆေးလိပ် မသောက်တတ် ကြပါဘူး။ အဓိက အချက်ကတော့ မချိုးနှိမ်နိုင်တဲ့ စိတ်ကို မိမိစိတ် နဲ့ပဲ အနိုင်ယူရမှာ ဖြစ်လို့ စိတ်ဓာတ် စစ်ဆင်ရေး ကိုသုံးပြီး တော့ အောက်ပါနည်းလမ်း ကိုးသွယ်ဖြင့် ကြိုးစားကြည့် စေလိုပါတယ်။

အချိန်ဆွဲပါ

ဆေးလိပ် သောက်ချင်စိတ် ဖြစ်လာတဲ့အခါ သောက်ချင်စိတ်ကို ချိုးနှိမ်ပြီး ၁ဝ မိနစ်လောက် အောင့်ထားပါ။ အဲဒီ ၁ဝ မိနစ်အတွင်း အာရုံပြောင်း သွားအောင် တစ်ခုခုကို စိတ်နှစ်ထားပါ။ ၁ဝ မိနစ်ပြည့်တဲ့ အခါ သြော်... ငါနေနိုင်သားပဲ ဆိုပြီး ဆေးလိပ် မသောက်ပါနဲ့။ နောက်ထပ် ၁ဝ မိနစ် အချိန်ထပ်ဆွဲပါ။

နောက်ထပ်တစ်လိပ်ထဲ ပါကွာ မလုပ်မိပါစေနဲ့

ဆေးလိပ်သောက်တဲ့ ပမာဏကို တဖြည်းဖြည်းချင်း လျှော့ပါ။ တစ်လိပ် သောက်ပြီးတဲ့ အခါ နောက်ထပ် တစ်လိပ်ထဲ ပါကွာဆိုပြီး မိမိကိုယ်ကို အလိုမလိုက်ပါနဲ့။ ခါတိုင်း ဆေးလိပ်သောက်ဖက် မိတ်ဆွေတွေက သင့်ကိုဆေးလိပ် ကမ်းလာခဲ့ရင် လည်း အားနာရှက်ရွံ့ခြင်း ဖြစ်မနေဘဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေပြီ ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြပါ။

ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုထလုပ်လိုက်ပါဦး

ဆေးလိပ် သောက်ချိန်မှာ မသောက်ရလို့ စိတ်ထဲ တစ်ခုခုလိုနေရင် ငြိမ်ထိုင်မနေဘဲ ခေတ္တခဏ ၁၅ မိနစ်လောက် လမ်းထလျှောက်ပါ သို့မဟုတ် အလုပ်တစ်ခုခု ရှာလုပ်နေပါ။

လေ့ကျင့်ခန်းယူပါ

အသက်ပြင်းပြင်း ရှူခြင်း၊ ကြွက်သား လေ့ကျင့်ခန်း၊ ယောဂ၊ အိပ်မွေ့ချခြင်း၊ အနှိပ်ခံခြင်း စသည်တို့က ဆေးလိပ် သောက်ချင်တဲ့စိတ်ကို ပြေပျောက် သွားအောင် တစ်ဖက်တစ်လမ်းက ကူညီပေးပါတယ်။

ဆေးလိပ်ဖြတ်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးကို အမြဲသတိရနေပေးပါ

သင်ဆေးလိပ် သောက်တတ်အောင် ဘယ်သူမှ သင်ပေးခြင်း မဟုတ်ပါ။ မိမိသာလျှင် ဆရာ၊ မိမိသာလျှင် တပည့်ပါ။ နှစ်ရှည်လများ ဆေးလိပ်စွဲ နေခဲ့ပြီဖြစ်ရာ ဆေးလိပ်ဖြတ်တဲ့ စဦးပိုင်း ကာလတွေမှာ ကသိကအောက် စိတ်အလိုမကျ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဆေးလိပ် သောက်ခြင်းကြောင့် ကျန်းမာရေး ဆိုးကျိုးများ၊ ငွေကို မီးရှို့နေခြင်း၊ မိမိပတ်ဝန်းကျင် လေထုညစ်ညမ်း၍ တစ်ဆင့်ခံ ဆေးလိပ်ရနံ့ ရှူရှိုက်နေသူ များအတွက် ပရဟိတစိတ် စတဲ့ ကောင်းကျိုး အထွေထွေကို စဉ်းစားသုံးသပ်ပါ။

ဘဝတူချင်းမိတ်ဖွဲ့ပါ

မိမိလိုပဲ ဆေးလိပ်ဖြတ်သူ တွေနဲ့ မိတ်ဖွဲ့ပြီး သူတို့ရော ဘယ်လိုကြိုးစား နေတယ်ဆိုတာ နည်းနာယူပါ။ မိမိရဲ့ ကြိုးစားမှုကိုလည်း တစ်ဆင့်မျှဝေ ပေးပါ။ ဆေးလိပ်ပြတ် သွားပြီးသူ တွေရဲ့ နည်းစနစ်ကို မေးမြန်းဖို့ ဝန်မလေးပါနဲ့။ သူတို့ရဲ့ အတွေ့အကြုံက သင့်အတွက် အထောက်အကူ ဖြစ်စေနိုင် ပါတယ်။

နီကိုတင်းဓာတ် အစားထိုးမှီဝဲပါ

လက်ဖက်ခြောက် ခတ်ထားတဲ့ ရေနွေးပူပူ၊ ပူရှိန်းဓာတ် ပါတဲ့ ပီကေ၊ သကြားလုံးများ၊ ပူရှိန်း ငုံဆေးပြားတို့က ဆေးလိပ် သောက်ချင်စိတ် ကို ချိုးနှိမ်ကာ ခံတွင်းချဉ်ခြင်း မှ သက်သာ စေပါတယ်။ နီကိုတင်း အစားထိုး ရှူဆေးတောင့် သုံးပါ။ ဆေးလိပ်ဖြတ်ခြင်းကို အထောက်အကူ ပြုတဲ့ bupropion (Zyban) နဲ့ varenicline (Chantix) စသောဆေးဝါးများ မှီဝဲသောက်သုံးပါ။

အာသာပြေ တစ်ခုခုစားပါ

စိတ်သက်သာရာ ရအောင် သကြား(အချို)ဓာတ် မပါတဲ့ ပီကေဝါးပါ။ ပဲကြီးလှော်၊ နေကြာစေ့လှော် တို့စားပါ။

မိမိကိုယ်ကိုယုံကြည်မှု ရှိနေပါစေ

ဆေးလိပ်ဖြတ်လိုက်တဲ့ အတွက် အပိုငွေ မကုန်တော့ဘဲ အဲဒီငွေကို စုနိုင်သလို အလှူဒါနပြုရာမှာ သုံးနိုင်ပါတယ်။ ဆေးလိပ်ဖြတ် တာကြောင့် အနံ့နဲ့ အရသာခံ အာရုံတွေ ပိုကောင်းသွားပါတယ်။ သွား၊ နှုတ်ခမ်းများလည်း မည်းမနေတော့ဘဲ နီကိုတင်းဓာတ်ကြောင့် ခံတွင်း၊ ဆီး၊ ချွေးရနံ့ဆိုးတွေပါ ပျောက်ကင်းသွား ပါတယ်။ အရေးကြီးတဲ့ အချက် ရှိပါသေးတယ်။ အဲဒါကတော့ ဆေးလိပ်စွဲနေတဲ့ အကျင့်ကို ဖြတ်နိုင်တာကြောင့် မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာပါတယ်။

ဆေးလိပ် သောက်ခြင်းကြောင့် ခုခံအားကျ အရေပြားရောဂါ၊ မျက်စိအတွင်းတိမ်စွဲ ရောဂါ၊ မျက်ဝန်းတစ်ဝိုက် အရေပြားတွန့်ခြင်း၊ မျက်စိနီခြင်း၊ နှုတ်ခမ်းမည်းခြင်း၊ သွားဝါခြင်း၊ ဆံပင်ကျွတ်ခြင်း၊ လက်ညှိုးနဲ့ လက်ခလယ် အရောင် ပြောင်းသွားခြင်း၊ အကြားအာရုံချို့တဲ့ ရောဂါ၊ သွားပိုးစား သွားပုပ်ရောဂါနဲ့ ခံတွင်းရနံ့ ဆိုးရွားခြင်း၊ အဆုတ်လေအိတ် တွေမှာ လေခိုပြီးပွပျက် ရောဂါ၊ အသက်ရှူမဝခြင်း၊ အရိုးပွ၊ အရိုးပါးရောဂါနဲ့ အရိုးကျိုးလွယ်ခြင်း၊ လေကြောင်း ပိတ်ဆို့သော အဆုတ်ရောဂါ၊ သွေးကြောများ ကျုံ့၍ ကျဉ်းလာခြင်း၊ နှလုံးသွေးကြော ရောဂါများနဲ့ နှလုံးခုန် မမှန်ခြင်း၊ သွေးကြောငယ်များ ကျဉ်းသွားကာ ခြေပုပ်လက်ပုပ် ရောဂါ၊ သွေးတိုးရောဂါ၊ အစာအိမ်မှ အစာခြေရည် အက်စစ် အထွက်များ လာခြင်း၊ အမျိုးသား များ သုတ်ရည် မအောင်တော့ဘဲ သားသမီး မရနိုင်ခြင်း၊ အိမ်ထောင်ရေး သုခ အပြည့်အဝ မခံစားနိုင်ခြင်း၊ DNA ပျက်စီးစေခြင်း၊ အမျိုးသမီးများ သားအိမ်ခေါင်း ကင်ဆာ နဲ့ သားလျှော သားပျက်ခြင်း၊ လမစေ့ /ပေါင်မပြည့်သော ကလေးမွေးဖွားခြင်း၊ ကလေးအသေ မွေးခြင်းများ ဖြစ်စေနိုင်ပါတယ်။ ဒါ့ပြင် ဆေးလိပ်ထဲမှာ Carcinogen လို့ခေါ်တဲ့ ကင်ဆာ ဖြစ်စေတတ်သော ဓာတ်ပေါင်း ၄၃ မျိုးမျှ ပါဝင်ခြင်းကြောင့် မေးရိုး၊ အဆုတ်၊ နှာခေါင်း၊ လည်ချောင်း၊ လေပြွန်၊ အသံအိုး၊ ခံတွင်း၊ အစာမျိုပြွန်၊ အူ၊ ရင်သား၊ ကျောက်ကပ်၊ ပန်ကရိယ၊ ဆီးအိတ် စသည့် ကင်ဆာများ အပြင် တချို့သူတွေမှာ သွေးကင်ဆာ ဖြစ်လာစေပါတယ်။ 

ဒါတင်မကသေး ပါဘူး။ ဆေးလိပ် သောက်သူရဲ့ ရုပ်ရည်ဟာ မသောက်သူနဲ့ ယှဉ်လိုက်ရင် ပိုပြီးအိုစာကာ အသားအရေတွေ ညစ်ပြီး အကြိုအရေပြား ဇရာဖြစ်တဲ့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပေါ်လာစေ ပါတယ်။ ဆေးလိပ်သောက်သူ တွေမှာ အိပ်မရခြင်း၊ စိတ်ဓာတ်ကျ လွယ်ခြင်းတွေ ပိုမိုဖြစ်ပွား စေနိုင်ပြီးတော့ ဆေးလိပ်တစ်လိပ် သောက်လျှင် ငါးမိနစ် အသက်တိုစေကာ ပျမ်းမျှသက်တမ်း အသက် ၁ဝ နှစ် ပိုတိုသွား တယ်လို့ ဆေးသုတေသီ တွေက ဆိုပါတယ်။ နောက်ပြီး ဆေးလိပ် သောက်သူ လူငယ်များ စာသင်ကြားမှုကို ထိခိုက်စေနိုင်ပြီး အမောမခံနိုင် သက်လုံချို့ယွင်း လာစေတာကြောင့် လူကြီး၊ လူရွယ်၊ လူငယ်အားလုံး ဆေးလိပ်ဖြတ်သင့် ပါကြောင်း ...။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...