Social Icons

Pages

Friday, December 9, 2016

ပင်လယ်ငါးဖမ်းရာသီ တွင် ရေလုပ်သားရှားပါးမှု တွေ့ကြုံနေရ



ဖျာပုံ ၊ ၉-၁၂-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၌ ရေလုပ်သား ရှားပါးမှုကြောင့် ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်နိုင်ရန် အခက်အခဲများ တွေ့ကြုံ နေရကြောင်း သိရသည်။

ယခုအခါ ပင်လယ် ငါးဖမ်းရာသီ ရောက်ရှိလာပြီ ဖြစ်သော်လည်း ရေလုပ်ငန်း လုပ်ကိုင်ကြသည့် လုပ်ငန်းရှင် များသည် အလုပ်သမား ရှားပါးလာ သဖြင့် ပွဲစားများမှ တစ်ဆင့် အလုပ်သမား များကို ငှားရမ်းနေကြ ရသည်။

ပင်လယ် ငါးဖမ်းသည့် လုပ်ငန်း နှစ်မျိုးရှိပြီး ဒေသအခေါ် ကျားပိုက်လုပ်ငန်း သည် ပင်လယ်ပြင်၌ ဖောင်ဖွဲ့ကာ လုပ်သားသုံးဦးဖြင့် လုပ်ကိုင်ရသည်။ ကျန်တစ်မျိုးမှာ ပင်လယ်ပြင်၌ စက်လှေဖြင့် ငါးဖမ်းခြင်း ဖြစ်ပြီး ဒေသအခေါ် ဘုံကျောင်း ငါးဖမ်းလုပ်ငန်း ဖြစ်ကာ အလုပ်သမား ဦးရေ ၂ဝ နီးပါး အသုံးပြုရကြောင်း သိရသည်။

ယခုအခါ ပင်လယ်ငါးဖမ်း လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ကြ သဖြင့် အလုပ်သမား လိုအပ်ချက်ပို၍ ကြီးမားလာပြီး အလုပ်ရှင်၊ အလုပ်သမား ဆိုင်ရာ အငြင်းပွားမှု များလည်း ဖြစ်ပေါ်လျက် ရှိကြောင်း ဖျာပုံမြစ်ကမ်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ က ပြောသည်။

ယခုကဲ့သို့ ရေလုပ်သား ရှားပါးမှုနှင့် အလုပ်ရှင်၊ အလုပ်သမား ဆိုင်ရာ အငြင်းပွားမှု များကို ဖြေရှင်းနိုင်ရေး အတွက် ရေလုပ်ငန်း ရှင်များက တရားဝင် တာဝန်ယူမှု၊ တာဝန်ခံမှု များရှိသည့် အလုပ်သမား ရှာဖွေရေး လုပ်ငန်းများ ပေါ်ပေါက်လာရန် မျှော်လင့် နေကြောင်း သိရသည်။

ဖျာပုံမြို့နယ်၌ ငါးဖမ်းလုပ်ငန်း လုပ်ကိုင် နေကြသော လုပ်ငန်းရှင် ၂ဝဝ ကျော်ရှိပြီး ငါးဖမ်းစက်လှေ အစင်းရေ ၄ဝဝ နီးပါး ရှိကြောင်း ဖျာပုံမြစ်ကမ်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...