Social Icons

Pages

Thursday, December 15, 2016

ဒူတာတေ ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ပွဲများအတွက် လက်နက်ပံ့ပိုးကူညီပေးမည့် တရုတ်



( ရှိန်းထက် )

ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေ ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲ များကို ပြင်းထန်စွာ ဝေဖန် နေချိန်တွင် တရုတ်အစိုးရ ကမူ ဒူတာတေကို အားပေး အားမြှောက် ပြုလျက်ရှိသည်။ ယခုအခါ တရုတ်အစိုးရက ဖိလစ်ပိုင် သမ္မတ ဒူတာတေ အား လိုအပ်သည့် လက်နက်များ ကို ပံ့ပိုးကူညီပေးမည် ဟုဆိုသည်။

ဒူတာတေသမ္မတ ဖြစ်လာသည့် ဇွန်လမှ စတင်ကာ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲများကြောင့် သေဆုံးသူပေါင်း ၅ဝဝဝ ကျော် ရှိသွားပြီဖြစ်သည်။ လူပေါင်းသိန်းချီ ၍လည်း ဖမ်းဆီးထိန်းသိမ်း ထားကာ သောင်းနှင့်ချီ လျက်ရှိသည့် မူးယစ်ဆေး သုံးစွဲသူများကို လည်း သတ်ပစ်ရန် အထိ ကြွေးကြော်ထားသည်။ ထို့ကြောင့် ဒူတာတေကို လူ့အခွင့်အရေး ဖောက်ဖျက်သည့် သမ္မတအဖြစ် နိုင်ငံတကာက သတ်မှတ်ထား ကြသည်။

သို့သော်လည်း ဒူတာတေက ၄င်း၏ ရန်သူတော် အဖြစ်မှ မဟာမိတ်အဖြစ် ပြောင်းလဲလာသော တရုတ်နှင့် စစ်ဘက်ဆိုင်ရာ၌ အမြင့်ဆုံး ပူးပေါင်း ဆောင်ရွက်မှု များကိုပင် ပြုလုပ်လျက် ရှိသည်။ တောင်တရုတ် ပင်လယ်ပြင် အရေးကြောင့် နိုင်ငံတကာ တရားရုံး အဆင့်ထိ ရောက်ရှိခဲ့သော တရုတ်နှင့် ဖိလစ်ပိုင် တို့သည် ပင်လယ်ပြင် အရေးတွင် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ အထိ ဖြစ်ခဲ့ဖူးသည်။

တရုတ်က လူ့အခွင့်အရေးကို ဘေးဖယ်ထားသည်။ ဒူတာတေ ကလည်း လူ့အခွင့်အရေးကို ဘေးဖယ်ကာ အမေရိကန် သမ္မတ အိုဘားမား ကိုပင် ဝေဖန်ထားသူ ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နှင့် မဟာမိတ် အဖြစ် မှပြောင်းလဲပြီး ယင်းနိုင်ငံ၌ အမေရိကန် စစ်တပ်များ အခြေစိုက် နေသည်ကိုပင် ပြန်လည်စဉ်းစားရန် ပြောထားပြီ ဖြစ်သည်။

ယခု အမေရိကန်သမ္မတ အသစ် ဖြစ်လာမည့် ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲ အနိုင်ရရှိမှသာ ထရမ့်ပ်နှင့် ဆက်ဆံရန် ပြန်လည် စဉ်းစားလာသူ ဖြစ်သည်။ ရုရှားနှင့် ဆက်ဆံရေး တိုးမြှင့်လာသည့် ဒူတာတေ သည် တရုတ်နှင့် ပိုမို အဆင်ပြေချင်သူ ဖြစ်သည်။ တရုတ်နှင့် စီးပွားရေးအရ သာမက စစ်ရေးအရပါ ဆက်ဆံရန် အမြင့်ဆုံး ဘီလီယံ ရာနှင့်ချီကာ ကုန်သွယ်နိုင်ရေး အတွက် ဒူတာတေ က တရုတ်အထိပင် သွားရောက်၍ ကုန်သွယ်ရေး လမ်းကြောင်း ဖောက်ခဲ့သည်။

ဒူတာတေ က တရုတ်နှင့် မဟာမိတ် အသွင်ပြောင်းပြီး အငြင်းပွား နေသော ကျွန်းစုများကို ပြန်ယူမည်။ စီးပွားရေးအရ ဆက်ဆံမည်။ စစ်ရေးအရ ဆက်ဆံမည်။ အမေရိကန်မှ အကူအညီ များထက် တရုတ်ထံမှ အကူအညီ များကို ရရှိရန်ပို၍ မျှော်လင့်နေ သည်။ တရုတ်တို့ကလည်း အာရှ-ပစိဖိတ် ပါဝါကို အလိုချင်ဆုံး ဖြစ်နေသောကြောင့် ၄င်းအား အကူအညီများ ပေးနေခြင်းဖြစ်ပြီး ယင်းတို့၏ သြဇာအာဏာ သက်ရောက်မှုကို ရယူချင်နေသည့် အချိန်ပင် ဖြစ်သည်။ ထို့ကြောင့် တရုတ်တို့က ဖိလစ်ပိုင်ကို ပထဝီဝင် နိုင်ငံရေးအရ အမေရိကန် ကူညီသည်ထက် ပိုကူညီပေးရန် ရာခိုင်နှုန်း ပိုများနေသည်။ ယင်းကြောင့် ဒူတာတေ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲများကို မည်သူကပင် ကန့်ကွက် ကန့်ကွက် တရုတ်က အမြဲ ထောက်ခံအားပေး နေသည်။ ယခု ဒူတာတေ အတွက် တရုတ်က လက်နက်ပံ့ပိုး ကူညီပေး တော့မည်။ နိုဝင်ဘာလ တွင် ဒူတာတေသည် အမေရိကန်တို့ ထံမှ ရိုင်ဖယ်သောင်းနှင့် ချီကာ ဝယ်ယူမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။ 

လက်နက် အသေးစားများသည် ဖိလစ်ပိုင် ပြည်တွင်းစစ်တွင် သာမက ယခု ဒူတာတေ ၏ မဟာဗျူဟာ စီမံကိန်းကြီး ဖြစ်သည့် မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲများအတွက် အလွန် အသုံးဝင်လှသည်။ ထို့ကြောင့် တရုတ်တို့က ရိုင်ဖယ်များကို အဓိကလက်နက် အဖြစ် ပံ့ပိုးပေးမည်ဖြစ်ပြီး အခြား လက်နက်များ ကို အရန်အနေဖြင့်သာ ပံ့ပိုးပေးမည် ဖြစ်သည်။

တရုတ်တို့သည် ဖိလစ်ပိုင်သို့ ကမ်းရိုးတန်းစောင့် စစ်သင်္ဘောများ ကိုလည်း ပံ့ပိုးပေးရန် အစီအစဉ်များ ရှိနေပြီး ဖိလစ်ပိုင်တို့ အတွက် တရုတ်နှင့် ဆက်ဆံရေး တစ်ဆင့်မြင့် လာလေ တရုတ်တို့ထံမှ ပံ့ပိုးကူညီမှုက ပိုမြင့်လာလေ ပင်ဖြစ်သည်။ ဖိလစ်ပိုင် ရေတပ်တွင် ယခု အလိုအပ်ဆုံး အရာကိုပြပါ ဆိုလျှင် ယင်း ကမ်းရိုးတန်းစောင့် သင်္ဘောများ ဖြစ်သည်။ ဒူတာတေ မျှော်မှန်းနေသည့် အဓိကအရာ ကလည်း ယင်းသင်္ဘော များပင်ဖြစ်သည်။

ဒူတာတေသည် အမေရိကန်ကို ပစ်ပယ်ပြီး တရုတ်နှင့်ရုရှားသို့ ပြောင်းလဲ ဆက်ဆံမည့် အစီအစဉ်ကို လက်ကိုင်ထား ခဲ့သည်။ ထို့ကြောင့် အမေရိကန်သို့ စစ်ဘက် လေ့လာရေးများ လွှတ်မည့်အစား တရုတ် နှင့် ရုရှားသို့ စေလွှတ်ခဲ့သည်။ ဒူတာတေ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲသည် ခေတ်သစ်သမိုင်း တစ်လျှောက်တွင် အကြမ်းတမ်း ဆုံးဖြစ်သည်။ နိုင်ငံတကာက လူ့အခွင့်အရေး အပြည့်အဝ ရရှိရေး တောင်းဆိုနေချိန် ဖိလစ်ပိုင်က မူးယစ်ဆေး တစ်မျိုးကြောင့် အကြောင်းပြချက် မရှိ ပစ်သတ်နေသည်။

ထို့ပြင် ဒူတာတေ ကိုယ်တိုင်ကပင် မူးယစ်ဆေးသုံး နေသည်ကို တွေ့ရှိပါက ယင်း မူးယစ်ဆေးသုံးသူ မည်သူကိုမဆို သတ်ခွင့်ပြုထားပြီး လူသတ်မှုဖြင့် တရားစွဲ ခံရပါကလည်း ၄င်းကိုယ်တိုင် ရှေ့ကရပ်၍ ဖြေရှင်းပေးမည် ဟု ပြောထားသည်။ ဖိလစ်ပိုင် အခြေခံဥပဒေ အရဆိုရပါသော် ဒူတာတေ ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲသည် တရားမဝင်ပေ။

ယခုအချိန်ထိ ဖိလစ်ပိုင်တွင် ဒူတာတေ ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စစ်ပွဲကို အကျယ်လောင်ဆုံး ဝေဖန်မည့် သူများ မရှိသေးဘဲ အများစုကတော့ ထောက်ခံနေဆဲ ဖြစ်သည်။ ဒူတာတေ သည် ရွေးကောက်ပွဲ စပြိုင် ကတည်းကပင် မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အဓိကကိုင်တွယ် သွားမည်ဟု မဲဆွယ်ခဲ့သည်။ ၄င်းသမ္မတ ဖြစ်လာသည့်အခါ တွင်လည်း အမှန်တကယ်ပင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများကို လုပ်ခဲ့သည်။ မူးယစ်ဆေး သုံးစွဲနေပါက ၄င်း၏သားသမီးပင် ဖြစ်နေစေကာမူ ၄င်းကိုယ်တိုင် ပစ်သတ်မည် ဟု ဒူတာတေက ပြတ်သားစွာ ထုတ်ဖော်ပြောဆို ထားသည်။ ထို့ကြောင့်ပင် ဒူတာတေ သမ္မတ ဖြစ်လာချိန်တွင် နေ့ချင်းညချင်းပင် ကမ္ဘာကျော် သွားပြီး ၄င်းနှင့်သဘော ထားချင်း တူနေသည့် ကွန်မြူနစ် တရုတ်တို့ ၏ ထောက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

ဒူတာတေ အနေဖြင့် တရုတ်နှင့် ရင်ချင်းကပ်နေလျှင် ထရမ့်ပ်နှင့် အဆင်ပြေ လိမ့်မည် မဟုတ်ပေ။ ထရမ့်ပ်က တရုတ်ကို အပြတ်အသတ် ချန်ထားနိုင်အောင် စီမံကိန်းရေးဆွဲ နေသည်။ အကယ်၍ ဒူတာတေ သာ တရုတ်ဘက်ကို ကပ်သွားပါက ထရမ့်ပ် အနေဖြင့် ဖိလစ်ပိုင်ကို မည်သည့် ပံ့ပိုးကူညီမှုမျှ ပေးတော့မည် မဟုတ်ပေ။ ထရမ့်ပ်ကလည်း လူချင်းတူ သော်လည်း မူချင်းမတူလျှင် ပြတ်သားရမည် ဟု ဆိုသည်။

ထရမ့်ပ်လက်ထက် တွင် ထည့်သွင်း စဉ်းစားစရာ တစ်ခုက ဖိလစ်ပိုင်အပေါ် အမေရိကန်တို့ သဘောထား ပြောင်းလဲမည်လား၊ အာရှ-ပစိဖိတ် သြဇာကို လက်ရှိ အနေအထား အတိုင်း ထရမ့်ပ်က ထိန်းထား နိုင်မည်လား၊ သို့မဟုတ် ၄င်း၏နိုင်ငံ့ စီးပွားရေးကိုသာ ရှေးရှုပြီး လျှော့ချ လိုက်မည်လား ဟူ၍ပင် ဖြစ်သည်။ အကယ်၍ ထရမ့်ပ်က ယင်းအခြေအနေ ကို ဆက်လက်ထိန်းထား နိုင်မည်ဆိုပါက တရုတ်နှင့်အပြိုင် ဖိလစ်ပိုင်ကို အရယူရန် ကြိုးစားရမည် ဖြစ်သည်။ သို့မှသာ ဖိလစ်ပိုင်တွင် ရှိနေသည့် အမေရိကန် စစ်အခြေစိုက် စခန်းတို့၏ အနာဂတ်မှာ သေချာမည် ဖြစ်ပြီး အာရှ-ပစိဖိတ် တွင် အမေရိကန်တို့ တရုတ်ထက် အမြဲတမ်း နှာတစ်ဖျား သာနေမည် ဖြစ်သည်။

ယခုအချိန်ထိ ဖိလစ်ပိုင်အပေါ် တွင် ထားရှိမည့် မူဝါဒကို ထရမ့်ပ်က ထုတ်ဖော် မပြောသေးဘဲ တရုတ်ကို ယှဉ်ပြိုင်ရန် တရုတ် (တိုင်ပေ) ကိုသာ အာရုံရောက် နေသည်။ ထို့ကြောင့် လက်ရှိ အနေအထားတွင် ဒူတာတေက ထရမ့်ပ်ကို သဘောကျ နေသော်လည်း တရုတ်၏ နောက်လာမည့် အကူအညီ များက ဒူတာတေကို ဆွဲဆောင်နေသည်။ ယခု ရိုင်ဖယ် ပံ့ပိုးကူညီပေးမည့် အစီအစဉ်သည် လပိုင်းအတွင်း တိုးတက်ခဲ့သော တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးပင် ဖြစ်ပြီး နောက်ထပ် တရုတ်၏ ပံ့ပိုးရေး အစီအစဉ် များလည်း ကျန်ရှိနေဦးမည် ဖြစ်သည်။

ယခုတစ်ကြိမ်သည် မူးယစ်ဆေး နှိမ်နင်းရေး အတွက်ဟု ခေါင်းစဉ်တပ်ပြီး နောက် အစီအစဉ်ကို ပြည်တွင်းစစ် အတွက်ဟု ခေါင်းစဉ်တပ်ကာ လက်နက်ကြီးများ ပံ့ပိုးကူညီပေးဖို့ အထိ တရုတ်တို့ အစီအစဉ်များ ရှိနေနိုင်ပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...