Social Icons

Pages

Monday, November 7, 2016

နိုင်ငံခြားခရီးသွား ဧည့်သည်များ ရှေးဟောင်းပစ္စည်း ၀ယ်ယူမှုများပြားလာသဖြင့် ရှေးဟောင်းပစ္စည်း အရောင်းဆိုင်များ ရောင်းအားကောင်းလာ



ရန်ကုန် ၊ ၇-၁၁-၂၀၁၆

ယခုနှစ်တွင် ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်မှု သိသာစွာ များပြားလာပြီး ရှေးဟောင်း ပစ္စည်းများ ရှာဖွေဝယ်ယူရန် လာရောက်ကြ သူများလည်း ရှိကြောင်း သိရသည်။

ပြည်တွင်းသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဝင်ရောက်မှု တိုးမြင့် လာသည်နှင့်အမျှ ၄င်းတို့ပေါ်တွင် မှီခိုအားထား နေရသော လုပ်ငန်းများထဲမှ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် များသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ လာရောက်ဝယ်ယူ အားပေးခဲ့ ကြသောကြောင့် ယခင်ကထက် ရောင်းအား ပိုကောင်းလာကြောင်း ရှေးဟောင်းပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦး က ပြောသည်။

မြန်မာနိုင်ငံ၌ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် များကို ရန်ကုန်၊ မန္တလေး၊ အင်းလေး၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် ညောင်ဦး စသည့်ဒေသ တို့၌ အများဆုံး တွေ့ရသည်။ အဆိုပါ မြို့များအနက် ရန်ကုန်မြို့ရှိ ရှေးဟောင်းပစ္စည်း ရောင်းချသော ဆိုင်ကြီးများ သာမက လမ်းဘေးဆိုင် များမှလည်း နိုင်ငံခြား ခရီးသွား ဧည့်သည်များက ဝယ်ယူမှု များပြားလာ သဖြင့် နိုင်ငံခြား ခရီးသွား ဧည့်သည်များ အသွားအလာ များသော နေရာများ၌ ရှေးဟောင်းပစ္စည်း ရောင်းချသည့် လမ်းဘေး အရောင်းဆိုင် များ တိုးမြှင့်ဖွင့်လှစ် လာကြသည်ကို တွေ့ရသည်။

ရှေးဟောင်းပစ္စည်း ဝယ်ယူကြသော နိုင်ငံခြား ခရီးသွား ဧည့်သည်များတွင် ဗြိတိသျှ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ စသည့်နိုင်ငံ များက ဥရောပ တိုက်သားများ သာမက ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်၊ တရုတ် (တိုင်ပေ) စသည့်နိုင်ငံ များက အာရှတိုက်သား များကိုလည်း တွေ့ရသည်။ အဝယ်များသော ရှေးဟောင်း ပစ္စည်းများမှာ ကင်မရာ၊ တယ်လီဖုန်း၊ မှန်ဘီလူး၊ ခေါင်းလောင်း၊ ရေနွေးကရား၊ မျက်မှန်၊ ဒင်္ဂါးပြားများ၊  ရှေးဟောင်း ငွေအကြွေစေ့ နှင့် ငွေစက္ကူတို့ ဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...