Social Icons

Pages

Thursday, October 27, 2016

ချောင်းသာကမ်းခြေ၌ နိုဝင်ဘာ ၁ ရက်မှစတင်၍ ဈေးရောင်းချခြင်းမပြုရန် တားမြစ်စာထုတ်ပြန်



ပုသိမ် ၊ ၂၇-၁၀-၂၀၁၆

ဧရာဝတီတိုင်း ဒေသကြီး ချောင်းသာ ကမ်းခြေ၌ ဈေးရောင်းချ နေသည့် ဈေးဆိုင် ၇၅ ဆိုင်နှင့် လမ်းလျှောက် ဈေးသည် ၂ဝဝ ကျော်တို့အား နိုဝင်ဘာ ၁ ရက်မှစ၍ ဈေးရောင်းချခြင်း မပြုရန် တားမြစ်စာ ထုတ်ပြန် လိုက်ကြောင်း သိရသည်။

ချောင်းသာ ကမ်းခြေတွင် တားမြစ်ချက်များ ပါဝင်သော ဗွီနိုင်းအနီ ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံ ကြေညာခြင်း အပြင် အောက်တိုဘာ ၂၆ ရက် မှစ၍ လက်ကမ်း စာစောင်များ လိုက်လံဝေငှ သွားမည် ဖြစ်ကြောင်း ချောင်းသာ ကမ်းခြေ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့မှ သိရသည်။

''အဓိကကတော့ ကမ်းခြေ သန့်ရှင်းရေးရယ် အပန်းဖြေတဲ့ ခရီးသည်တွေ အန္တရာယ် ကင်းရှင်းရေး အတွက် လုပ်ဆောင်တာပါ။ ဒီမှာက လာရောက် အပန်းဖြေကြတဲ့ ခရီးသည်တွေနဲ့ ဈေးသည်တွေ ခိုက်ရန် ဖြစ်ပွားတာ ရှိတယ်။ ခရီးသည်တွေ ရေဆင်းချိုး နေတဲ့ အချိန်မှာ ကမ်းခြေမှာ ထားတဲ့ ပစ္စည်းတွေ မကြာခဏ အလစ်သုတ်ခံ ရတာတွေလည်း ရှိတယ်။ ခရီးသွားလုပ်ငန်း တွေအတွက် မလိုလားအပ်တဲ့ ကိစ္စရပ်တွေတော့ သက်သာ သွားလိမ့်မယ် ထင်ပါတယ်'' ဟု ချောင်းသာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။

ချောင်းသာ ကမ်းခြေသို့ အပန်းဖြေ လာရောက်သည့် ခရီးသွားပြည်သူ များအနေဖြင့်လည်း ကမ်းခြေ သာယာလှပရန် ဝိုင်းဝန်း ကူညီကြ စေလိုကြောင်း ၄င်းက ဆက်လက် ပြောသည်။

ချောင်းသာ ကမ်းခြေတွင် ဈေးမရောင်းရသည့် အပြင် နိုဝင်ဘာ ၁ ရက်မှစတင်၍ အများပြည်သူ ရေကစားရန် သတ်မှတ်ထားသည့် ဧရိယာအတွင်း Speed Boat ၊ Banana Boat စသည့် အပျော်စီးယာဉ်များ မောင်းနှင်ခြင်း မပြုရန်၊ ကမ်းခြေတွင်လည်း မြင်းစီးခြင်း၊ လှည်းမောင်းခြင်း နှင့် စက်တပ်ယာဉ်များ မောင်းနှင်ခြင်း မပြုလုပ်ရန်၊ ကမ်းခြေဆင်း လမ်းများပေါ်တွင် ယာဉ်များဖြင့် ညအိပ်ခြင်း၊ တဲထိုး ညအိပ်ခြင်းနှင့် ရေချိုးခန်း ဖွင့်လှစ်ခြင်း၊ ထို့ပြင် အများပြည်သူ အပန်းဖြေရာ နေရာများတွင် ခွပိုက်များ အသုံးပြု၍ ရေပြင်တွင် ပစ္စည်း ရှာဖွေခြင်း မပြုရန်၊ အပန်းဖြေသည့် နေရာနှင့် နီးစပ်ရာတွင် ကျန်းမာရေး ထိခိုက် စေနိုင်သည့် ငါးလှန်းစင်များ ဆောက်လုပ်ခြင်း၊ ငါးလှန်းခြင်းနှင့် စီးပွားဖြစ် တိရစ္ဆာန် မွေးမြူခြင်းများ မပြုလုပ်ရန်၊ ကမ်းခြေဧရိယာ တွင် သဲထုတ်ခြင်း၊ ကျောက်ထုတ်ခြင်း နှင့် သန္တာကျောက်များ တူးဖော်ထုတ်ယူခြင်း မပြုရန်၊ ကမ်းခြေ ဧရိယာတွင် စည်းကမ်းမဲ့ အမှိုက်စွန့် ပစ်ခြင်း၊ သစ်ပင် စိုက်ပျိုးခြင်း၊ ကျူးကျော်ခြင်း နှင့် အဆောက်အအုံ တိုးချဲ့ ဆောက်လုပ်ခြင်း များမပြုရန်တို့ တားမြစ်ထားပြီး ကမ်းခြေ သဲသောင်ပြင် ဧရိယာအတွင်း မည်သူမဆို မီးပုံပွဲ၊ ကာရာအိုကေ သီဆိုခြင်းများ ပြုလုပ်ခြင်း၊ ကမ်းခြေနှင့် မည်သည့် အဆောက်အအုံ ဧရိယာတွင်းတွင် မဆို မီးရှူးမီးပန်း၊ ဗြောက်အိုး၊ ရှူးဒိုင်းနှင့် မီးပုံးပျံများ လက်ဝယ် ကိုင်ဆောင်ခြင်း၊ ပစ်ဖောက်ခြင်း၊ လွှတ်တင်ခြင်း များ ပြုလုပ်လို ပါက ကမ်းခြေ သန့်ရှင်းသာယာ ရေးနှင့် လုံခြုံရေး အလို့ငှာ ကမ်းခြေ လုံခြုံရေး နှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ၏ ခွင့်ပြုချက် ယူရမည် ဖြစ်ကြောင်း စသည့် စည်းကမ်းချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...