Social Icons

Pages

Monday, October 10, 2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရသေ့တောင်မြို့နယ် တို့တွင် အောက်တိုဘာ ၉ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့်ဖြစ်စဉ် များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပ


ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် 
ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၁၀-၁၀-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တို့တွင် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် များနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့ည ၇ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် နှင့် ရသေ့တောင်မြို့နယ် တို့အတွင်း ဖြစ်စဉ် များနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ယမန်နေ့ နံနက်ပိုင်းတွင် လေ့လာမေးမြန်း စူးစမ်းမှုများ ဆောင်ရွက်ခဲ့ ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပုဂ္ဂိုလ်များနှင့် အစည်းအဝေး တစ်ရပ်ကျင်းပ ခဲ့ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး သိရှိ ရသမျှ အနေအထားပေါ် မူတည်ပြီး သုံးသပ်မှုပြုခဲ့ ပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး လက်ရှိ ဖြစ်ပျက်သမျှကို အများပြည်သူများ သိရှိစေရန် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု ဆုံးဖြတ်ခဲ့ ပါကြောင်း။

ရည်ရွယ်ချက်မှာ ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး အများပြည်သူများ စိုးရိမ် ကြောင့်ကြမှု မဖြစ်စေရန်နှင့် ဖြစ်ရပ်မှန် များကို အများပြည်သူ များ အချိန်နှင့် တစ်ပြေးညီ သိရှိစေရန် ယခု သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က လက်ရှိ အခြေအနေ အထိ သိရှိသမျှကို ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း၊ သတင်း မီဒီယာများ မေးမြန်းသည့် မေးခွန်းများကို ရဲချုပ် နှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူ များက သိရှိသမျှ ဖြေကြား သွားမည် ဖြစ်ပါကြောင်း၊ မသိရှိ ရသေးသည့် အကြောင်းအရာ အချို့နှင့် စပ်လျဉ်း၍ လည်း သိရှိသည့် အချိန်တွင် ထုတ်ပြန်သွားမည် ဖြစ်ပြီး မေးမြန်းမှုများ ရှိလာပါက ဖြေကြားပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်း က ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု နယ်မြေအတွင်း ကျီးကန်းပြင်၊ ကိုးတန်ကောက်၊ ငါးခူရနယ်မြေ စခန်းများတွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်ခဲ့သည့်  ဖြစ်စဉ်များအား ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပထမဦးစွာ ကျီးကန်းပြင် ဌာနချုပ်အား အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံ ရသည့် ဖြစ်စဉ်အား ရှင်းလင်းတင်ပြ သွားမည် ဖြစ်ပါကြောင်း။

ကျီးကန်းပြင် ဌာနချုပ်အား အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံရခြင်း

၂ဝဝ၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက် နံနက် ၁ နာရီခွဲခန့်တွင် မောင်တော မြို့နယ် ကျီးကန်းပြင် ကွပ်ကဲမှု ဌာနချုပ်ဝင်၊ ထွက်ဂိတ်(၁) ကင်းရုံအနီးသို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၁ဝ ဦးခန့်မှ ချဉ်းကပ်ခဲ့ပြီး ပထမဦးစွာ ဂိတ်တာဝန်ကျ တပ်ဖွဲ့ဝင် တစ်ဦးအား ဓားဖြင့် စတင်ဝင်ရောက် ခုတ်ခဲ့သဖြင့် ကင်းရုံအတွင်းရှိ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ဌာနချုပ်ဝင်းရှေ့ ကားလမ်းမ ပေါ်တွင်ရှိသော အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၁ဝ ဦးခန့်မှာ ဆုတ်ခွာ ထွက်ပြေး သွားခဲ့ပါကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူထံမှ လုပ်သေနတ် ပစ္စတို တစ်လက်၊ ၄င်းကျည် နှစ်တောင့်၊ ကျည်အိမ် တစ်ခုတို့ သိမ်းဆည်းရမိ ခဲ့ပါကြောင်း။

ဒုတိယ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူး သည် ဖြစ်စဉ် ဖြစ်ပွားမှုအား သိရှိရသည်နှင့် တစ်ပြိုင်နက် ဖြစ်စဉ်နေရာသို့ စစ်ဆေးပြီး နောက်ပြန်လည် ထွက်ခွာစဉ် ဗဟိုကင်း ဘက်မှ ၁ နာရီမိနစ် ၅ဝ ခန့်တွင် လက်နက်ငယ် သံများ ကြားသဖြင့် ဗဟိုကင်း လုံခြုံရေး အဖွဲ့နှင့် သွားရောက် ပူးပေါင်းကာ တပ်လှန့် အချက်ပေး သံချောင်းခေါက်၍ ဗဟိုကင်း အဖွဲ့နှင့်အတူ နေရာယူ တိုက်ခိုက်ခဲ့ ပါကြောင်း၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၉ဝ ခန့်နှင့် မိမိတပ်ဖွဲ့ဝင် များသည် တစ်နာရီခန့် အကြာ အပြန်အလှန် တိုက်ခိုက်ခဲ့ပြီး ၄င်းတို့အဖွဲ့၏ အင်အား၊ မြေ အနေအထား၊ သာလွန်ပစ်အား များကြောင့် ဗဟိုကင်း ဝဲဘက်ဘေး တောင်ကုန်းသို့ ပြောင်းရွှေ့ နေရာယူပြီး ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့ပါကြောင်း၊ ၄င်းနောက် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များသည် နံနက် ၄ နာရီခန့်တွင် ဆုတ်ခွာသွား ခဲ့ပါကြောင်း။

ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ပတ်ဝန်းကျင် လုံခြုံရေး ကာကင်းများအား လိုက်လံရှင်းလင်း စစ်ဆေးခဲ့ရာ ဗဟိုကင်း အနောက်ဘက် ကုန်းအမှတ်(၄) တွင် ထားရှိသည့် ကာကင်းအဖွဲ့မှ တပ်ဖွဲ့ဝင် ငါးဦးအား သတ်ဖြတ်ခဲ့ပြီး တပ်ဖွဲ့ ဝင်များ၏ လက်နက်များကို ယူဆောင် သွားခဲ့သည်ကို တွေ့ရှိရ ပါကြောင်း။ အထက်ပါ ဖြစ်စဉ်တွင် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာ ရရှိ၍ လက်နက်မျိုးစုံ ၆၂ လက်နှင့် ကျည်မျိုးစုံ ၁ဝ၁၃ဝ တောင့်၊ လှံစွပ်တစ်လက်၊ ကျည်အိမ် ၂၇ ခု ဆုံးရှုံး သွားခဲ့ပါကြောင်း။

ကိုးတန်ကောက် ကင်းစခန်း အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု

အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲ ခန့်တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက် ကင်းစခန်းအား အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ အင်အား ၃ဝ ခန့်မှ ကင်းစခန်း အနောက်ဘက် ခြံစည်းရိုးအား ကျော်၍ ရုတ်တရက် ဝင်ရောက် လုံးထွေးကာ ဓား၊ လှံ များဖြင့် ထိုးခုတ်တိုက်ခိုက် ခဲ့ပါကြောင်း၊ မိမိ တပ်ဖွဲ့ဝင် ၁ဝ ဦးမှ ပြန်လည် ပစ်ခတ်တိုက် ခိုက်ခဲ့မှုကြောင့် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ တစ်ဦး အသေရမိ၍ အရှင်နှစ်ဦး ဖမ်းဆီး ရမိခဲ့ပြီး နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ဆုတ်ခွာသွား ခဲ့ပါကြောင်း၊ မိမိဘက်မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံး၍ တပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိ ခဲ့ပြီး လက်နက်နှစ်လက် ဆုံးရှုံးခဲ့ ပါကြောင်း။

ငါးခူရနယ်မြေရုံးအား အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များမှ ကျီးကန်းပြင် ဌာနချုပ်သို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံ ရမှုကြောင့် မောင်တော မြို့နယ်၊ ငါးခူရနယ်မြေရုံးမှ နယ်မြေမှူး သည် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီခွဲ ခန့်တွင် တပ်ကူ သွားရောက်ခဲ့ ပါကြောင်း၊ နယ်မြေမှူး ကျီးကန်းပြင် ဌာနချုပ်သို့ ရောက်ရှိချိန် နံနက် ၄ နာရီခွဲခန့်တွင် ငါးခူရနယ်မြေ ရုံးသို့ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၅ဝ ခန့်မှ ဓား၊ လှံ၊ ဂျင်ဂလိ များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည် တိုက်ခိုက်မှုကြောင့် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ပြန်လည် ဆုတ်ခွာ သွားခဲ့ရ ပါကြောင်း။

ဖြစ်စဉ်တွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ခုနစ်ဦး၏ အလောင်း ရရှိခဲ့ပြီး မိမိဘက်မှ တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးကာ တပ်ဖွဲ့ဝင် တစ်ဦး ပျောက်ဆုံး၍ တစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိ ခဲ့ပါကြောင်း။ ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် တပ်မတော် စစ်ကြောင်းများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ပူးပေါင်း ဖြန့်ခွဲ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းခြင်း၊ ပိတ်ဆို့ရှာဖွေ ရှင်းလင်းခြင်းများ ဆောင်ရွက်ရာ လက်နက်မျိုးစုံ ၁၃ လက်အား ဆုတ်ခွာရာ လမ်းကြောင်း များတွင် ပြန်လည် သိမ်းဆည်း ရရှိခဲ့ပါကြောင်း။

ယခုဖြစ်စဉ် တစ်ခုလုံးဖြင့် ကြည့်မယ် ဆိုရင် တပ်ဖွဲ့ဝင် အရာရှိ တစ်ဦး၊ အခြားအဆင့် ရှစ်ဦး စုစုပေါင်း ကိုးဦး ကျဆုံး၍ တပ်ဖွဲ့ဝင် အရာရှိတစ်ဦး၊ အခြားအဆင့် လေးဦး စုစု ပေါင်း ငါးဦးဒဏ်ရာရပြီး တစ်ဦး ပျောက်ဆုံးလျက် ရှိပါကြောင်း။ လက်နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ်တစ်ခု၊ ကျည်အိမ် ၂၈ ခု ပျောက်ဆုံးခဲ့ပြီး ဝင်ရောက်စီးနင်း တိုက်ခိုက်သူ ရှစ်ဦး၏ အလောင်း ရရှိကာ နှစ်ဦး အရှင်ဖမ်းဆီး ရမိခဲ့ ပါကြောင်း၊ လုပ်သေနတ် ပစ္စတိုတစ်လက်၊ ၄င်းကျည် နှစ်တောင့်၊ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိ ခဲ့ပါကြောင်း။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပါဆုံးသွားသည့် လက်နက်ခဲယမ်းများ ပြန်လည် ရရှိရေး၊ ပြစ်မှု ကျူးလွန်သူ များအား ဖမ်းဆီးရမိ အရေးယူ နိုင်ရေး၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး နှင့်လုံခြုံရေး အတွက် တပ်အင်အားများ ဖြည့်တင်းပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းများ နှင့်ပူးပေါင်း၍ နယ်မြေပိတ်ဆို့ ရှင်းလင်းရေး နှင့်လုံခြုံရေး ကိစ္စရပ်များအား အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း တင်ပြသည်။

ထို့နောက် သတင်းထောက် များ၏မေးမြန်းချက် များကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ရဲချုပ် ဇော်ဝင်း၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန သာသနာတော် ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေ နှင့် တာဝန်ရှိသူ တို့က ဖြေကြားကြသည်။

အတည်ပြု ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မည် 

ယခုကဲ့သို့ စခန်းများအား တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်း တိုက်ခိုက် သူများသည် မည်သည့် အဖွဲ့အစည်းက ဆောင်ရွက်သည်ကို သိလိုကြောင်းနှင့် မည်သို့ဆက်လက် ဆောင်ရွက် နေသလဲ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် က အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ နှစ်ဦးကို ဖမ်းဆီးမိ ထားကြောင်း၊ စစ်မေးချက်များ အပေါ် မူတည်ပြီး လိုအပ်သည့် အချိန်တွင် မည်သည့်အဖွဲ့က ဆောင်ရွက်သည် ကို အတည်ပြု ထုတ်ပြန်နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

ဖြစ်စဉ်အပေါ် မူတည်ပြီး လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာများ မရှိစေရန် တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း၊ ရဟတ်ယာဉ် များဖြင့် တပ်များ ရွှေ့ပြောင်းပြီး ဆုတ်ခွာသွား နိုင်သည့် နေရာများကို ပိတ်ဆို့ရန် လိုက်လံ ရှင်းလင်းမှုများနှင့် အတူ လုံခြုံရေးများ ပိုမိုတိုးမြှင့် နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

တစ်ဖက်နိုင်ငံ အစိုးရနှင့် မည်သို့ ဆက်လက် ဆောင်ရွက် သွားမည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် တရားဥပဒေ နှင့်အညီ စုံစမ်းစစ်ဆေး မှုများပြုလုပ် နေပါကြောင်း၊ ပြည်သူများ၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး နှိမ်နင်းမှု၊ စုံစမ်းမှုများ ဆောင်ရွက်နေပြီး အချက်အလက်များ အခြေခံ ခိုင်မာမှုရှိ၊ မရှိနှင့် အကြောင်းအချက် များခိုင်လုံမှု ရှိမည်ဆိုပါက ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ကိုခေါ်ယူပြီး ဆွေးနွေး ပြောကြားရန် နှင့် ပါဝင်ပတ်သက်မှု မရှိပါကလည်း နယ်စပ်ဒေသ တွင် အကြမ်းဖက်မှုများ ပေါ်ပေါက် နေခြင်းအား ၄င်းတို့၏ ကူညီပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်သည် ဆိုပါက ၄င်းတို့အား ဖိတ်ကြား၍ လိုအပ်သည့် အကူအညီ တောင်းခံ နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအချိန် တွင် လိုအပ်သည့် အခြေခံ အချက်အလက် အကြောင်းရင်းများ ခိုင်လုံအောင် စောင့်ဆိုင်း နေပါကြောင်း၊ မကြာမီတွင် ယခုကိစ္စနှင့် ပတ်သက်၍ ထိတွေ့ ဆောင်ရွက်သွားရန် ရှိပါကြောင်း ဖြေကြားသည်။

အနေအထား မှန်များ သိရှိအောင် 

ရခိုင်ပြည်နယ် အတွင်းရှိ နှစ်ဖက် လူ့အဖွဲ့အစည်းများ အကြား ပဋိပက္ခများ ဆက်လက် မဖြစ်ပွားအောင် အစိုးရ အနေဖြင့် မည်သို့ဆောင်ရွက် နေသည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်က ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲကို မြန်မြန်ဆန်ဆန် ကျင်းပရခြင်းသည် အမှန်တကယ် ဖြစ်ပျက်နေသည့် အနေအထား အမှန်များကို အများပြည်သူများ သိရှိအောင်၊ မတူညီသော လူ့အဖွဲ့အစည်း အစုအဖွဲ့ များကို အခြေအနေမှန်များ သိရှိအောင် ရှင်းလင်းတင်ပြ ရခြင်း ဖြစ်ပါကြောင်း၊ ကောလာဟလ များကြောင့် ပဋိပက္ခများ ကြီးထွားလာသည့် အနေအထားများ မဖြစ်အောင် ထိန်းသိမ်း ဆောင်ရွက် နိုင်မည်ဟု ယူဆ ပါကြောင်း၊ တိုင်းပြည် တည်ငြိမ် အေးချမ်းရေးသည် အင်မတန် အရေးကြီး ပါကြောင်း၊ တည်ငြိမ် အေးချမ်းရေးသည် တိုင်းပြည် အတွက် အရေးကြီး သည့် အခြေခံ အဆောက်အဦ တစ်ခု ဖြစ်ပါကြောင်း၊ အခြေခံ အဆောက်အဦ ခိုင်မာရန် တည်ငြိမ် အေးချမ်းရန် ဆောင်ရွက်သည့် နေရာတွင် ပြည်သူ အားလုံးက တည်တည် ငြိမ်ငြိမ်နှင့် ဝိုင်းဝန်းပူးပေါင်း ကူညီ ပေးမည်ဟု မျှော်လင့်ပါကြောင်း ဖြေကြားသည်။

လုံခြုံရေးအစီအမံများ ဆောင်ရွက်ရန်ရှိ

ယခုကဲ့သို့ နေရာမျိုးတွင် မည်သည့် အတွက်ကြောင့် လုံခြုံရေး နည်းပါးစွာ ချထားသလဲ ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က လုံခြုံရေး အင်အားကို ပြန်ကြည့်လျှင် တိုင်းဒေသကြီး နှင့်ပြည်နယ်များ အားလုံးတွင် ရှိသည့် အင်အားနှင့် နှိုင်းယှဉ်ပါက ရခိုင်ပြည်နယ်တွင် အင်အားအများဆုံး ရှိစေရန်ဆောင်ရွက် ပေးထား ပါကြောင်း၊ ရခိုင်ပြည်နယ်အား အထူး အလေးထားပြီး ဆောင်ရွက်ပေး ထားခြင်း ဖြစ်ပါကြောင်း၊ စစ်ရေးအရ ကြည့်မည် ဆိုပါက လုံလောက်သည့် အင်အားရှိရန် လိုသည်ကို တွေ့ရပါကြောင်း၊ အရေးကြီး နေရာ သတ်မှတ်ပြီး အများဆုံး အင်အားဖြည့် ပေးထားသည့် ပြည်နယ် တစ်ခုလည်း ဖြစ်ပါကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပေါင်းစပ်၍ ပိုမို ကောင်းမွန်သည့် လုံခြုံရေး အစီအမံ များ ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ရဟတ်ယာဉ်များ အသုံးပြု၍ တပ်ပြောင်းရွှေ့ မှုများနှင့် အတူ လုံခြုံရေး တိုးမြှင့် ဆောင်ရွက် နေပါကြောင်း ဖြေကြားသည်။

တပ်မတော်စစ်ကြောင်း စစ်ဆင်ရေးနယ်မြေ၌အခြေပြု

နယ်စပ် အဝင်အထွက် အရေးကြီးသည့် နေရာများ၌ တပ်လုံခြုံရေး အနီး ကပ်ချထား ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က ဧရိယာခွဲခြားမှု အရ စစ်ဆင်ရေး နယ်မြေနှင့် လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး နယ်မြေဟူ၍ ခွဲခြားထား ပါကြောင်း၊ တပ်မတော် စစ်ကြောင်း များအနေဖြင့် စစ်ဆင်ရေး နယ်မြေ၌သာ အခြေပြု ကြပါကြောင်း၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး နယ်မြေများ တွင် တပ်မတော်မှ ပုံမှန် အခြေပြု ထားခြင်း မရှိပါကြောင်း ဖြေကြားသည်။

ပုဒ်မ ၁၄၄ မောင်တောခရိုင်ထုတ်ပြန်

မောင်တောနယ်မြေ အပါအဝင် အခြားနယ်မြေ များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှု နှင့်စပ်လျဉ်း၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင် က ပုဒ်မ ၁၄၄ ကို မောင်တောခရိုင် တစ်ခုလုံး ထုတ်ပြန်ထား ပါကြောင်း၊ ဘူးသီးတောင် မြို့နယ်၊ မောင်တော မြို့နယ်နှင့် ခရိုင်ဧရိယာ တစ်ခုလုံး ပါဝင်ကြောင်း ဖြေကြားသည်။ 

သတင်းရယူမှု အားနည်းသည် ဟုသုံးသပ် 

သတင်းရယူမှု အားနည်းသည် ဆိုသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က နယ်မြေ ရဲတပ်ဖွဲ့ဝင် များ၏ သတင်းရယူမှု များရှိပါကြောင်း၊ လူမှု အဖွဲ့အစည်း များနှင့် ပူးပေါင်း၍လည်း သတင်း ရယူလျက် ရှိပါကြောင်း၊ သတင်းတပ်ဖွဲ့၏ သတင်းရယူမှု များလည်း ရှိပါကြောင်း၊ သို့သော် ယခုကိစ္စ ရပ်တွင် သတင်းရယူမှု အပိုင်း၌ အတည်ပြု ၍ရသည့် သတင်းဖြစ်ရန် မပြုလုပ်နိုင်သည့် အတွက် သတင်းရယူမှု အားနည်းသည် ဟု သုံးသပ်ရမည် ဖြစ်ကြောင်း ဖြေကြားသည်။

လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်တွင် လူဝင်လူထွက် များကို မည်သို့ ဆောင်ရွက်နေ သလဲ မေးခွန်းနှင့် စပ်လျဉ်း၍ အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ရခိုင်ပြည်နယ် နယ်စပ်ဒေသ တွင် လူဝင်မှု ကြီးကြပ်ရေး အမှတ်(၄) ဌာနခွဲကို ထားရှိပါကြောင်း၊ ယင်း ဌာနခွဲတွင် ဝန်ထမ်းအင်အား ၂၅၂ ဦး ရှိပါကြောင်း၊ လက်ရှိ တိုက်ပွဲဖြစ်ပွား ခဲ့သည့် နေရာတွင် လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၃ဝ ရှိပါကြောင်း၊ ကျန်နေရာ များတွင် နယ်မြေရုံး ၁၁ ခုနှင့် စခန်း ၂၆ ခု အင်အား ဖြန့်ခွဲပြီး လူဝင်မှု ကြီးကြပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

တင်းတင်းကျပ်ကျပ်ဆောင်ရွက်မည်

ယခုဖြစ်စဉ်ကို သုံးသပ်ပါက ယခု တိုက်ခိုက်သူ များမှာ အလစ်အငိုက် ဆောင်ရွက်ပြီး လူမမြင်သည့် နေရာ၊ လူမတွေ့ နိုင်သည့် အချိန်တွင် ဝင်ရောက် လာသည်ဟု ယူဆပါကြောင်း၊ လူဝင်လူထွက် ကိစ္စရပ် များကိုလည်း လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများ အနေဖြင့် နယ်စပ်ဒေသမှာ ရှိသည့် ရဲတပ်ဖွဲ့ ဝင်များနှင့် လည်း ပူးပေါင်းပြီး ပိုမိုတင်းတင်း ကျပ်ကျပ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

အကြမ်းဖက်သဘောသဘာဝမှာ ဆက်နွှယ်မှုရှိ

ယခု တိုက်ခိုက်မှု၏ ရည်ရွယ်ချက်မှာ မည်သို့ဖြစ်နိုင် သလဲ၊ တိုက်ခိုက်သူ များမှာ ရွာများထဲ၌ ကိုယ်ယောင်ဖျောက် နေနိုင်သည့် အတွက် လိုက်လံရှာဖွေ သည့်အခါတွင် ဒေသခံများ နှင့်ပဋိပက္ခ မဖြစ်အောင် မည်သို့ ဆောင်ရွက် သွားမလဲဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်က ယခုဖြစ်စဉ်၏ ဖြစ်နိုင်ခြေများ မှာ အမျိုးမျိုး ရှိနိုင် ပါကြောင်း၊ လတ်တလော စက်တင်ဘာလ က မောင်တော ဒေသတွင် စိတ်ကြွ ဆေးပြား သိန်း ၆ဝ ခန့် ဖမ်းဆီးရမိ ခဲ့ပါကြောင်း၊ မိမိတို့တာဝန် ထမ်းဆောင်သည့် ကာလတွင် မောင်တော ဒေသ၌ အများဆုံး ဖမ်းမိခြင်း ဖြစ်ပါကြောင်း၊ အကြမ်းဖက်၏ သဘော သဘာဝမှာ ဆက်နွှယ်မှုများ အများကြီး ရှိနိုင်ပါကြောင်း၊ စီးပွားရေးနှင့် လည်း ဆက်နွှယ် နိုင်ပါကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး နစ်နာသူ များက လည်း ဆောင်ရွက် နိုင်သည်ဟု စဉ်းစားစရာ ရှိပါကြောင်း၊ ကျူးလွန်သူ များကို ရအောင် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း၊ ယင်းနောက် တရားဥပဒေ နှင့်အညီ ရင်ဆိုင်ခိုင်းမည် ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သာမက အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နှစ်ဖက် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ အားလုံး ပေါင်းစပ်ပြီး ဥပဒေနှင့် အညီ ရင်ဆိုင်လာအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

တရားဥပဒေနှင့်အညီ တုံ့ပြန်ရန်လို

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်တင်က အစိုးရသစ် အနေဖြင့် ရခိုင်ပြည်နယ်ရှိ အုပ်စုနှစ်စုအကြား တင်းမာမှုများ လျော့နည်းပြီး နားလည်မှု၊ ယုံကြည်မှုများ တစ်စတစ်စ ဖြစ်ပေါ်စေရန် ရှိစေရန် ကြိုး ပမ်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါကြောင်း၊ ယခုဖြစ်စဉ် အချိန်ကို သုံးသပ်ပါက ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် လူ့အခွင့်အရေး ကိစ္စရပ်များ စဉ်းစားသည့် တတိယ ကော်မတီ အစည်းအဝေး စတင်ခါစ အချိန်နှင့် တိုက်ဆိုင် နေကြောင်း၊ မိမိတို့ နိုင်ငံအား အမေရိကန် ပြည်ထောင်စုမှ နောက်ဆုံး ကျန်နေသည့် ကန့်သတ် ပိတ်ဆို့မှုများ လျှော့ချ ပေးခဲ့ကြောင်း၊ တတိယ ကော်မတီတွင် လည်း လူ့အခွင့်အရေး နှင့်ပတ်သက်၍ EU ကလည်း အဆိုမူကြမ်း တင်သွင်းခြင်း မလုပ်တော့ဘူး ဟူ၍ ကြေညာထား တာရှိကြောင်း၊ ယခုလို အနေအထား မျိုးတွင် နိုင်ငံတကာမှ ယခင်က အာရုံစိုက်နေသည့် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဒီကိစ္စ အရေးကို မြှင့်တင်နေသည့် သူများကလည်း နိုင်ငံတကာ အာရုံစိုက်မှု ရအောင် ယခုကိစ္စမျိုးကို လုပ်လာခြင်းမျိုး ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း၊ ဖြစ်ချင်မှလည်း ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ အနေအထား မျိုးတွင် ပြဿနာအား ပြည်သူလူထု၏ တုံ့ပြန်မှု၊ တခြားပြန်လည် တုံ့ပြန်မှု၊ အစိုးရ ၏ ဆောင်ရွက် တုံ့ပြန်မှုများသည် တရားဥပဒေနှင့် အညီ တုံ့ပြန်ရန် လိုကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး ပြည်သူများ အနေဖြင့် အကြမ်းဖက်မှု မျိုးဖြင့် တုံ့ပြန်လိုက် ပါက နိုင်ငံတကာမှ အာရုံစိုက်လာပြီး မိမိတို့အပြစ် ဖြစ်သွား နိုင်ပါကြောင်း။

ရခိုင်ကိစ္စကိုအာရုံစိုက်

ယခုကိစ္စမျိုးသည် အထူးဂရုပြုရန် လိုအပ် ပါကြောင်း၊ ယခုကိစ္စမှာ နိုင်ငံတကာ အခြေအနေနှင့် ကုလသမဂ္ဂ၌ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းနေသည့် အချိန် မျိုးတွင် ရခိုင်ကိစ္စကို အာရုံစိုက်ခြင်း မျိုး ဖြစ်ကောင်း ဖြစ် လာစေရန် ဆောင်ရွက်ခြင်း မျိုးလည်း ဖြစ်နိုင်သည် ဟု သုံးသပ်မိ ပါကြောင်း၊ တရားဥပဒေ နှင့်အညီ တုံ့ပြန်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယခုဖြစ်စဉ်နှင့် စပ်လျဉ်း၍ အစိုးရအနေဖြင့် နိုင်ငံတကာကို မည်သို့ပြန်လည် ဖြေရှင်း ဆောင်ရွက်မည် မေးခွန်းနှင့် သံတမန် ဆက်ဆံရေးအရ မည်သို့ ဆောင်ရွက်နေသည့် မေးခွန်းတို့အား နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် က ဖြေကြားရာတွင် ယခုကိစ္စနှင့် စပ်လျဉ်းပြီး တရားဥပဒေနှင့် အညီ ဆောင်ရွက်သွားရန် လေးလေးနက်နက် မှာကြားလို ပါကြောင်း၊ ယခုကိစ္စမှာ စုံစမ်းစစ်ဆေး မှုများ ရုပ်လုံးပေါ် လာပါက အသိပေး ပြောကြားမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေး တတိယ ကော်မတီ ဆိုတာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းခွင့် ရှိပါကြောင်း၊ အောက်တိုဘာ လလယ်တွင် ကျင်းပမည့် ကုလသမဂ္ဂ တွင် မိန့်ခွန်း ပြောကြားရာတွင် ယခုကိစ္စမျိုးကို ထည့်သွင်း ပြောကြားသွားမည် ဖြစ်ပါကြောင်း။

ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ထိတွေ့ဆက်ဆံ

ယခုဖြစ်စဉ်နှင့် စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ထိတွေ့ ဆက်ဆံပြီး လိုအပ်လျှင် အကူအညီ ရရန်၊ တိုင်ပင် ဆွေးနွေးညှိနှိုင်း ဆက်သွယ်ရန် လမ်းညွှန်မှု ရရှိထားပြီး ဖြစ်ပါကြောင်း ဖြေကြားသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...