Social Icons

Pages

Tuesday, October 25, 2016

စီးပွားရေးတိုးတက်မှုနှုန်း ဆက်လက်ကျဆင်းနေသည့် တရုတ်


Analysts have said any growth numbers below 6.8% would likely to fuel calls for further stimulus.

( ရှိန်းထက် )

တရုတ်တို့ စီးပွားရေး ကျဆင်းမှုများ စတင် ခံစားခဲ့ရသည့် ၂ဝ၁၃ ခုနှစ်မှစ၍ စီးပွားရေးကို နှစ်စဉ်ပုံမှန် တိုးတက်မှုနှုန်း ၇ ရာခိုင်နှုန်းနှင့် အထက် ထိန်းထားနိုင်ရန် ဦးစားပေး ဆောင်ရွက်ခဲ့သည်။ နိုင်ငံ၏ GDP တန်ဖိုး မကျဆင်း သွားရေးအတွက် အဓိကထားပြီး အထူးဂရုပြု ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း နိုင်ငံ၏ GDP ကို ထိန်းချုပ်ထားသည့် ကြားမှပင် လွတ်ထွက်သွားကာ နှစ်စဉ်လိုလို ဆက်လက်ကျဆင်း နေခဲ့သည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းပါ လိုက်ပါ ကျဆင်းလာကာ ၂ဝ၁၅ ခုနှစ်တွင် တရုတ်၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၆ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိ၍ ရည်မှန်းထား ခဲ့သည့် ၇ ရာခိုင်နှုန်း အောက် မကျရောက်ရေး အစီအစဉ်လည်း ကျရှုံးခဲ့ ရတော့သည်။

နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုနှုန်း ကြောင့် တရုတ်တို့၏ ကမ္ဘာ့ အကောင်းဆုံး တပ်မတော် တစ်ရပ် ထူထောင်ရေး နှင့် ကမ္ဘာ့အင်အား အကောင်းဆုံး စီးပွားရေး နိုင်ငံတော် တည်ထောင်ရေး ဟူသည့် တရုတ်တို့၏ စစ်ရေး မဟာဗျူဟာ စီမံကိန်းကြီး များကို အကြီးကျယ်ဆုံး ဂယက်ရိုက်ခတ် ခဲ့သည်။ တရုတ်တို့က စစ်အသုံးစရိတ်ကို ၁ဝ ရာခိုင်နှုန်းနှင့် အထက် အသုံးပြုပြီး သူ့တပ်မတော် PLA ကို အင်အား အတောင့်တင်းဆုံး ဖြစ်စေရန်နှင့် ကမ္ဘာအရပ်ရပ် စစ်ဆင်ရေးများ ဆင်နွှဲ နိုင်သည်အထိ ရည်ရွယ် ထားသည်။

စီးပွားရေး တွင်လည်း အာရှသာမက ဥရောပအထိ ပင် တရုတ်တို့ လွှမ်းမိုးချင်သည်။ သို့သော်လည်း ယခု တရုတ်တို့၏ ခြေလှမ်းများသည် ရှေ့သို့ တိုးနေရင်း ကပင် နောက်သို့ ပြန်ဆုတ်သလို ဖြစ်နေသည်။ နိုင်ငံ၏ အသားတင် ထုတ်ကုန်တန်ဖိုး GDP ကျဆင်းနေ ခြင်းကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမြှုပ်နှံမှုများ မပြုလုပ်မီ နိုင်ငံတွင်း၌ ပြန်လည် ရင်းနှီးမြှုပ်နှံမှု များကို တရုတ်တို့ ပြုလုပ်ကာ GDP ကို ပြန်တက်အောင် ကြိုးပမ်းရန် လိုသည်။

ထို့ကြောင့် ယခင်ကထက် စာလျှင် တရုတ်၏ နောက်ဆက်တွဲ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများ အားလျော့သွားခြင်း ဖြစ်သည်။ ယခုတရုတ် တို့က သူ့ နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု များကို တိုးမြှင့်ပြီး တိုးပွား လာသည့် လူဦးရေနှင့် ဈေးကွက် တောင်းဆိုမှုများကို ညှိကာ GDP ကို တိုးတက်အောင် ဆောင်ရွက်လျက် ရှိသည်။ သို့သော်လည်း တရုတ်တို့၏ စီမံကိန်းများသည် ထင်သလောက် ခရီးမပေါက် ဖြစ်နေသည်။ မထင်မှတ်ထား လောက်အောင်ပင် တရုတ်နိုင်ငံ၏ GDP က ကျဆင်းလာကာ စီးပွားရေး တိုးတက်မှုနှုန်း ကလည်း ၂ဝ၁၆ ခုနှစ် တတိယလပတ် စီးပွားရေးတွင် ၆ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိသည်။ ဒုတိယ လပတ်တုန်းက တိုးတက်မှုနှုန်း ကလည်း ထိုအတိုင်းပင် ဖြစ်နေ သောကြောင့် ပြောင်းလဲ တိုးတက်မှု မရှိဘဲ ဖြစ်နေသည်။

ထိုသို့ တရုတ်တို့၏ စီးပွားရေး အားနည်းလာ ခဲ့သည့်အတွက် စစ်ရေး အသုံးစရိတ် များကိုလည်း လျှော့ချ လာရသည်။ ယခင်က ၁ဝ ရာခိုင်နှုန်းကျော် အသုံးပြုမည့် စစ်အသုံးစရိတ် နေရာတွင် ၇ ရာခိုင်နှုန်း လောက်နှင့်သာ ကျေနပ် နေရသည်။ ၂ဝ၁၆ ခုနှစ် စစ်အသုံးစရိတ် ကို ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းသာ အသုံးပြုရန် လျာထား နေရသည်။ ယမန်နှစ်က စစ်အသုံးစရိတ်ကို ၁ဝ ဒသမ ၁ ရာခိုင်နှုန်း အထိပင် လျာထားခဲ့သည်။

သို့သော်လည်း လက်တွေ့တွင် ၇ ရာခိုင်နှုန်း ပြည့်မီအောင် တရုတ်တို့ မနည်းကြိုးစား ခဲ့ရသည်။ ထိုကြားထဲတွင် စစ်အသုံးစရိတ် ကို ချွေတာနိုင်ရန် စစ်အင်အား သုံးသိန်းကိုလည်း တရုတ်ပြည်သူ့ တပ်မတော် PLA က အနားပေးခဲ့ ရသေးသည်။ ပြည်တွင်းစစ်လည်း မတိုက်ရ၊ နိုင်ငံခြား တိုက်ခိုက်ရေး များတွင်လည်း မပါဝင်ရဘဲ အလွတ်တမ်း လစာပေးထား ရသော တရုတ်စစ်သား အရေအတွက် သည် သန်းနှင့်ချီ၍ ရှိနေသောကြောင့် တရုတ်အစိုးရ အတွက် ဝန်ထုပ်ဝန်ပိုး ကြီးတစ်ခု ဖြစ်လာခဲ့ ရသည်။

ထိုကြားထဲ တရုတ်တို့ စီးပွားရေး အင်အားကျဆင်း လာသောအခါ စစ်သားများကို မဖြစ်မနေ အနားပေးရန် ဆောင်ရွက် ရတော့သည်။ ယခုတရုတ် တို့၏ ထုတ်ပြန်ချက် များကို ခန့်မှန်းကြည့်လျှင်၂ဝ၁၆ ခုနှစ် တရုတ်
စီးပွားရေး တိုးတက်မှုနှုန်း လည်း ၇ ရာခိုင်နှုန်းသို့ မရောက် သည့်အပြင်၂ဝ၁၅ ခုနှစ်၏ တိုးတက်မှုနှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်းထက်ပင် လျော့နည်း သွားရန် အလားအလာ များ ရှိနေသည်။

၂ဝဝဝ ပြည့်နှစ်များ တစ်ဝိုက်က တရုတ်တို့၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၇ ရာခိုင်နှုန်းကို အခြေခံထား ခဲ့သော်လည်း ၈ ရာခိုင်နှုန်း အထက်ပင် တိုးတက်ခဲ့သည်။ ထို့ကြောင့် တရုတ်တို့သည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အား အကောင်းဆုံး နိုင်ငံအဖြစ် ဆယ်စုနှစ် နှစ်စုသုံးစုအတွင်း မှာပင် ပေါ်ထွက် လာခဲ့ပြီး တရုတ်စစ်တပ် ကလည်း ကမ္ဘာတွင် အင်အား အတောင့်တင်းဆုံး ဒုတိယနေရာ၌ ရပ်တည်နိုင် ခဲ့သည်။

တရားဝင် စစ်အသုံးစရိတ် အမေရိကန် ဒေါ်လာ ၁၈ဝ ဘီလီယံ ဟု ဆိုထားသော်လည်း တရုတ်တို့ စစ် အသုံးစရိတ် သည် ၂ဝဝ ဘီလီယံခန့် အထိ ရှိနိုင်သည်ဟု စစ်ရေး ကျွမ်းကျင်သော ပညာရှင်များက ဆိုသည်။ အမေရိကန်က စစ်အသုံးစရိတ်ကို တဖြည်းဖြည်း လျှော့ချနေချိန်တွင် တရုတ်တို့က ၃၈ ရာခိုင်နှုန်းထိ အောင်ပင် သူ၏ စစ်အသုံးစရိတ် ကို တိုးမြှင့်ခဲ့သည်။ သို့သော်လည်း ယခုအချိန်ထိ တရုတ်စစ်ဘက် အသုံး စရိတ်သည် အမေရိကန်၏ စစ်အသုံးစရိတ် သုံးပုံတစ်ပုံ လောက်သာ ရှိနေသေးသည်။

တရုတ်သည် အမေရိကန်နှင့် သူ့ကြားတွင် ကွာခြားနေသော စစ်အသုံးစရိတ်ကို ဖယ်ရှား နိုင်အောင် ကြိုးစားနေပြီး အမေရိကန်၏ ကမ္ဘာ့နံပါတ်တစ် နေရာကိုအရ ယူရန် ကြိုးစားနေသည်။ သို့သော်လည်း တရုတ်တို့ ၏ ရည်မှန်းချက်သည် စီးပွားရေး တိုးတက်မှု နှေးကွေး လာနေသောကြောင့် အတားအဆီး များစွာနှင့် ရင်ဆိုင် ရလျက်ရှိသည်။ ထိုကြားထဲ ဒေသတွင်း ပြိုင်ဘက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ရာခိုင်နှုန်းဖြင့် အင်အား အကောင်းဆုံး တိုးတက်လာပြီး စစ်ရေး အသုံးစရိတ် ကိုလည်း ၁ဝဝ ဘီလီယံ အထိ ရောက်အောင် တိုးမြှင့်နိုင်ရန် ရည်ရွယ်ချက် ထားလာပြန် သောကြောင့် တရုတ်တို့သည် အမေရိကန်ကို သာမက အိန္ဒိယကိုပါ ထည့်သွင်း စဉ်းစား နေရပြီဖြစ်သည်။

ယခင်က တရုတ်တို့သည် အိန္ဒိယစစ်တပ် ကိုဒေသတွင်းမှ ဂရုစိုက်စရာ မလိုသော နိုင်ငံဟူ၍ သတ်မှတ်ထား ခဲ့သည်။ ယခုတော့ အိန္ဒိယတွင် ရုရှား၏ အကောင်းဆုံး လေကြောင်းရန် ကာကွယ်ရေး စနစ် S-300 အပြင် S-400 ကိုလည်း ဝယ်ယူရန် သဘော တူညီချက်ရရှိ ထားပြီးဖြစ်သည်။ တရုတ်တို့ ကဲ့သို့ ဒေသတွင်း စစ်ရေး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုကို အားပေးခဲ့သော အိန္ဒိယသည် အချိန်တို အတွင်းမှာပင် ယခု အာကာသ နည်းပညာ လောက၌ နေရာတစ်နေရာ ရရှိနေပြီ ဖြစ်သည်။ ဂြိုဟ်တုများကို လွှတ်တင်နိုင်သည့် ဒုံးပျံဈေးကွက် ကိုပင် အိန္ဒိယတို့ ဝင်ရောက် လာနိုင်ခဲ့ပြီ ဖြစ်ပြီး စူပါဆောနစ် နည်းပညာကိုလည်း အိန္ဒိယတို့ ရရှိထားပြီဟု ဝေဖန်မှုများလည်း ရှိနေသည်။ 

ထို့ကြောင့် တရုတ်စစ် တပ်အတွက် အိန္ဒိယသည် အမေရိကန် ပြီးလျှင် ဒုတိယမြောက် ထည့်သွင်း စဉ်းစားရမည့် စစ်တပ်တစ်ခု ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။

ထိုအချိန် တရုတ်တို့၏ ပြည်တွင်းထုတ်ကုန် GDP ကလည်း ကျဆင်းကာ စီးပွားရေးလည်း လိုက်ပါ ကျဆင်းနေ သောကြောင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA အတွက် ကမ္ဘာ့ ပထမတန်းစား စီးပွားရေးနှင့် စစ်ရေးကို ပိုင်ဆိုင်မည့် တရုတ်အစိုးရ၏ မဟာဗျူဟာ စီမံကိန်း များသည် ထင်မှတ်ထား သည်ထက် နှောင့်နှေး နေရပါကြောင်း တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...