Social Icons

Pages

Saturday, September 17, 2016

တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



ရန်ကုန် ၊ ၁၇-၉-၂၀၁၆

နှစ်ဦးနှစ်ဖက် အပြန်အလှန် ထိတွေ့ဆက်ဆံမှုနှင့် ယုံကြည်မှု တည်ဆောက်သည့် အနေဖြင့် တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့ ပူးပေါင်း ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကင်းမြို့နယ်၊ မိုးကောင်းလမ်းရှိ မြဝတီစာပေတိုက် ၌ ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး နှင့် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးအောင်လှထွန်း၊ ဒေါက်တာ မျိုးသန့်တင် နှင့် သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် အောင်ရဲဝင်း နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက် ကြသည်။

ရှေးဦးစွာ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်ချုပ် စိုးနိုင်ဦး နှင့် ဗိုလ်ချုပ် အောင်ရဲဝင်း တို့က တက်ရောက် လာသော သတင်းမီဒီယာ များနှင့် မိတ်ဆက်ကြပြီး တပ်မတော် အနေဖြင့် Standard Army တည်ဆောက်နေမှု အခြေအနေများ၊ ပြည်သူ့စစ် မဟာဗျူဟာ ချမှတ်ကျင့်သုံး နေမှု အခြေအနေများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအား NCA ပေါ်တွင် အခြေခံ၍ ဆက်လက် ဆောင်ရွက်ရမည့် အခြေအနေ များနှင့် တပ်မတော်နှင့် မီဒီယာကြား ဆက်ဆံမှုပိုမို တိုးတက် ကောင်းမွန်ရေး အတွက် ဆောင်ရွက်မှု များအား ရှင်းလင်း ပြောကြား ခဲ့သည်။

တက်ရောက် လာကြသော အရာရှိကြီး များက စစ်ဘက် အခေါ်အဝေါ်များ၊ အရွယ် မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ၂ဝ၁၂ ခုနှစ် လက်မှတ် မထိုးမီ အခြေအနေနှင့် ယနေ့အထိ လုပ်ငန်းပိုမို တိုးတက်လာသည့် အခြေအနေများ၊ လားရှိုးမြို့ မိုင်းယော်ကျေးရွာ အနီးဖြစ်စဉ် တွင် ရွာသား ငါးဦး သေဆုံးမှုနှင့် ပတ်သက်၍ ဖြစ်စဉ်တွင် ပါဝင်သည့် အရာရှိ /စစ်သည် များအား ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်ပြီးမှု အခြေအနေများ၊ စစ်ဘက် တရားစီရင်ရေး စနစ် နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များ၊ မီဒီယာ ဆိုင်ရာ ကျင့်ဝတ်နှင့် စံနှုန်းများ၊ တပ်မတော် သတင်း အရင်းအမြစ်များ အတွင်း သတင်း ထုတ်ပြန်ခြင်း၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ သဘာဝ ဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် တပ်မတော်မှ ပါဝင်ဆောင်ရွက် ခဲ့မှုများ၊ တပ်မတော် (ရေ/လေ)၏ ရည်မှန်းချက် တာဝန်နှင့် လုပ်ငန်း ဆောင်ရွက်မှု များအား ရှင်းလင်း ဆွေးနွေးကြသည်။

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်း နှင့် ဒေါက်တာ မျိုးသန့်တင် တို့က မီဒီယာ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးကြပြီး အတွင်းရေးမှူး ဦးသီဟစော က သြဂုတ်လတွင် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် သတင်းထောက်များ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့မှုအား ရှင်းလင်း ပြောကြားသည်။ အခြားသတင်း မီဒီယာကောင်စီဝင် များကလည်း တပ်မတော် နှင့်ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ရေး လက်ရှိ ဆောင်ရွက်နေမှု များနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ အပြန်အလှန် အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။ ၄င်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) ခေတ်+မိုး က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ရပ်နားသည်။

တပ်မတော်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီတို့၏ အလုပ်ရုံ ဆွေးနွေးပွဲကို ယခုတစ်ကြိမ် အပါအဝင် လေးကြိမ်ပြုလုပ် ခဲ့ပြီး ပထမနှစ်ကြိမ်မှာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)နှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နောက်နှစ်ကြိမ် မှာ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...