Social Icons

Pages

Monday, September 26, 2016

လူပေါင်း နှစ်သိန်းကျော် ၏ အသက်များစတေးခဲ့ရသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့သည့် ကိုလံဘီယာ


People celebrate the agreement between Revolutionary Armed Forces of Colombia, FARC, and Colombia’s government, in Bogota, Colombia, Thursday, June 23, 2016.

Cuban president Raul Castro, centre, seals the handshake between Colombian president Juan Manuel Santos, left, and the head of the Farc Timochenko, right, on Wednesday. 

( ရှိန်းထက် )

ယနေ့ ကမ္ဘာကြီးသည် ငြိမ်းချမ်းရေး ဟူသော စကားသံကို ကြားရခဲပြီး ခေတ်သစ် အာဏာလုပွဲ များနှင့် စစ်ပွဲများကြား ရှင်သန် နေရသည်မှာ ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အမုန်းတရား အခြေခံ စစ်ပွဲများ၊ အကြမ်းဖက်ဝါဒ အခြေခံစစ်ပွဲ များနှင့် မအားလပ်နိုင် လောက်အောင်ပင် ပြည့်နှက်နေခဲ့ပြီး ပြည်တွင်းစစ်ပွဲ များပင် ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့ ရသည်။

ဆယ်စုနှစ် တစ်စုသာ ပြောင်းလဲသွား ခဲ့သည်။ ငြိမ်းချမ်းရေး ရမလာခဲ့ဘဲ နောက်ထပ် စစ်ပွဲများကသာ ပိုမိုတိုး လာခဲ့သည်။ ထို့ကြောင့် ငြိမ်းချမ်းရေး ဟူသော စကားလုံးသည် ပျောက်ကွယ် နေခဲ့ရသည်။ ယခု တစ် ကမ္ဘာလုံးက အလေးထား ရလောက်အောင် ဆယ်စုနှစ် ငါးစုကြာခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ် နိုင်ခဲ့သော ကိုလံဘီယာ ငြိမ်းချမ်းရေးက ကမ္ဘာကြီးကို ခေတ်သစ် ငြိမ်းချမ်းရေး အစစ်အမှန် လမ်းကြောင်းများ ဆီသို့ စတင် ခေါ်ဆောင် လာခဲ့ပြီ ဖြစ်သည်။

လေးနှစ်ကြာ ဆွေးနွေးခဲ့ရသော ငြိမ်းချမ်းရေးသည် သဘောထား ကွဲလွဲမှုများဖြင့် မအောင်မြင် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးက တစ်ဖက် ဆွေးနွေးရင်း တစ်ဖက်ဖြင့် အသက်ပေါင်း များစွာ စတေးခဲ့ရသည်။ ၁၉၆၄ ခုနှစ်ကတည်းက လက်နက်ကိုင် ကွန်မြူနစ်များ သူပုန်အဖြစ် အသွင်ပြောင်းခဲ့ ကြသော Revolutionary Armed Forces of Colombia—People's Army - FARC သူပုန် များသည် အစိုးရကို တော်လှန်ခဲ့ ကြသည်။ 

လူပေါင်း ၂၂ဝဝဝဝ ကျော် သေဆုံးခဲ့ရပြီး ပြည်သူ ခြောက်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ရသည်။ အပြစ်မဲ့ပြည်သူ သိန်းနှင့်ချီ စတေးခဲ့ရသော ငြိမ်းချမ်းရေး သည် ကိုလံဘီယာ အတွက် တန်ဖိုး ကြီးမားသည်။ စစ်ပွဲများ အတွင်း ပြည်သူများ သေနတ် ကျည်ဆန် နှင့် ဗုံးဆန်များကို ကြောက်ရွံ့ရင်း ကျီးလန့်စာစား ဘဝဖြင့် ရှင်သန်ခဲ့ရသည်။ ယခုမူ ကိုလံဘီယာ ပြည်သူတို့ ထိုဘဝက လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။

ကိုလံဘီယာသည် လူဦးရေ ၄၇ သန်းရှိသော အမေရိကတိုက်ရှိ နိုင်ငံငယ် တစ်နိုင်ငံဖြစ်ပြီး စီးပွားရေးအရ တောင်အမေရိက ၏ တတိယ အကြီးဆုံး GDP ကို ပိုင်ဆိုင်ထားသည်။ သို့သော် လူဦးရေ နှစ်သောင်းကျော် အင်အားရှိသည့် FARC သူပုန် များနှင့် တိုက်ပွဲများကြောင့် ကိုလံဘီယာ တောင်ပိုင်းသည် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဖြစ်ခဲ့ပြီး အဆင်းရဲဆုံး စာရင်းပင်ဝင် ခဲ့ရသည်။

မိဘများက သူတို့သားသမီး များ၏ အသက်သည် တိုက်ပွဲများကြား ဘယ်အချိန် စတေးရမလဲ ဆိုသည်ကို အမြဲတမ်းစိုးရိမ် နေခဲ့ရသည်။ ၂ဝဝ၂ ခုနှစ်သည် ကိုလံဘီယာ ပြည်တွင်းစစ်ပွဲ ၏ အရှိန် အမြင့်ဆုံးနှစ် ဖြစ်ခဲ့သည်။ ယခင်နှစ်များ ကထက် အသက်ပေါင်း သုံးဆစတေးခဲ့ ရပြီး သူပုန်တို့က ကိုလံဘီယာ တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံကို ထိန်းချုပ် နိုင်ခဲ့သည်အထိ အောင်မြင်မှုများ ရခဲ့ကာ ကိုလံဘီယာသည် အဆိုးရွားဆုံး အခြေအနေ ဖြစ်ခဲ့ရသည်။

၂ဝဝ၈ ခုနှစ်ကျမှသာ ထိုနယ်မြေများကို ကိုလံဘီယာ အစိုးရက ပြန်လည်သိမ်းပိုက် နိုင်ခဲ့ကာ ဖားသူပုန်တို့ကို အမြစ်ဖြတ် ချေမှုန်းရန် မဖြစ်နိုင်မှန်း သိခဲ့ရသည်။ အမြစ်ဖြတ်ဖို့ ဆိုလျှင် နောက်ထပ် လူပေါင်း သောင်းနှင့်ချီ၊ သိန်းနှင့်ချီ သေဆုံးပြီးမှ ရမည်ဖြစ်သည်။ ထို့ကြောင့် အကောင်းဆုံး နည်းလမ်းကို ကိုလံဘီယာ အစိုးရ ရွေးချယ်ခဲ့သည်။ သူပုန်တို့ ကလည်း ရှုံးနိမ့်မှုများစွာ နှင့်တွေ့ကြုံခဲ့ရ သဖြင့် စစ်ပွဲများအစား ငြိမ်းချမ်းရေး နှင့် အစားထိုးချင် ခဲ့သည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ကိုလံဘီယာ အစိုးရနှင့် ဖားသူပုန်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျူးဘားနိုင်ငံ ဟာဗားနား၌ စတင်ခဲ့ကြသည်။ သို့သော်လည်း ငြိမ်းချမ်းရေး၏ ကနဦးလမ်းစဉ်များ အတိုင်း အဆင်မပြေမှု များနှင့် ဆွေးနွေးပွဲများ ပျက်သည့် အခါပျက်၊ နားလည်မှုများ လွဲသည့် အခါလွဲနှင့် ၂ဝ၁၂ ခုနှစ်က စတင်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် ၂ဝ၁၆ ခုနှစ်မှသာ ရရှိခဲ့သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သည် ဆိုသည်နှင့် တိုက်ပွဲများက ပြန်စလာသည်။ အပြစ်မဲ့ပြည်သူ များ၏ အသက်များကို ထပ်မံ စတေးရသည်။ သူတို့ အာဏာလုပွဲ များကြား မြေစာပင် ဖြစ်ခဲ့ရသည့် လူအများစုမှာ အပြစ်မဲ့ ပြည်သူ များပင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်း စစ်ပွဲများထဲမှ တစ်ခုဖြစ်သော ပြည်တွင်းစစ်ကို လျင်မြန်စွာ အဆုံးသတ်ရန် နိုင်ငံတကာနှင့် ကုလသမဂ္ဂက ကိုလံဘီယာ အစိုးရ နှင့် FARC သူပုန် များကိုပါ ဖိအားပေး ခဲ့ကြသည်။

၂ဝ၁၆ ခုနှစ် သြဂုတ်လတွင် အပစ်အခတ် ရပ်စဲရေးကို နှစ်ဖက်စလုံးက အောင်မြင်စွာ လိုက်နာနိုင်ခဲ့ ကြသည်။ စက်တင်ဘာ ၁၁ ရက်က ကလေးသူပုန် များကို သူပုန်တို့က အစိုးရဆီသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး ငြိမ်းချမ်းရေးကို စတင် အကောင်အထည် ဖော်ခဲ့ကြသည်။ စက်တင်ဘာ ၂၄ ရက်တွင် သူပုန် တို့အားလုံး မျက်နှာစုံညီ အစည်းအဝေးပွဲ ကျင်းပခဲ့ပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေး အောင်မြင်မှု အထိမ်းအမှတ် အဖြစ် သူပုန်တို့က ပျော်ပွဲရွှင်ပွဲ များကို ညလုံးပေါက် ကျင်းပခဲ့ကြပြီး ကိုလံဘီယာ တောင်ပိုင်းသည် မကြာမီ မိုးမျှော်တိုက်ကြီး များနှင့် ကမ္ဘာ့အဆင့်မီ လာတော့မည် ဖြစ်သည်။ စစ်ပွဲများကြား ရုန်းကန်ခဲ့ရသော အချိန်များသည် အတိတ်က သမိုင်းစာအုပ် များထဲ၌သာ ကျန်ရှိတော့မည် ဖြစ်သည်။

ကိုလံဘီယာ သမ္မတ ဂျူယန်မန်နျူရယ် ဆန်းတို့စ် နှင့် FARC သူပုန် ခေါင်းဆောင် တီမိုချန်ကို တို့သည် ငြိမ်းချမ်းရေး သဘောတူ စာချုပ်ကို စက်တင်ဘာ ၂၆ ရက် တနင်္လာ နေ့တွင် လက်မှတ်ရေး ထိုးကြမည် ဖြစ်ပြီး အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးနှင့် လဲနိုင်ခဲ့သည့် အတွက် ခေတ်သစ် သမိုင်းတွင် ပထမဆုံး ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဖြစ်လာမည် ဖြစ်သည်။

အာဖရိကနှင့် အာရှတွင် ငြိမ်းချမ်းရေး မဖော်ဆောင် နိုင်သေးသည့် အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲ များက ရှိနေသေးကာ အာဖရိကတွင်တော့ ၂ဝ၁၂ ခုနှစ်ကမှ စတင်ခဲ့သည့် ဘိုကိုဟာရမ် တို့ကြောင့် လူပေါင်း ထောင်သောင်းချီ သေဆုံးကာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်သော်လည်း ယခုအချိန်ထိ အောင်မြင်မှု မရသေးဘဲ ပြည်တွင်းစစ်က အဓွန့်ရှည် နေသည်။ အစိုးရနှင့် ဘိုကိုဟာရမ် တို့ကြား နားလည်မှု လွဲနေသည်။ ဘိုကိုဟာရမ် တို့က နိုင်ဂျီးရီးယား ၏ နယ်မြေလေးပုံ တစ်ပုံခန့်ကို ပိုင်ဆိုင်ထားပြီး အဖျက်လုပ်ငန်း များကိုသာ လုပ်နေသည်။

ဘိုကိုဟာရမ်တို့ ပိုင်နက်အတွင်း ပြည်သူ သန်းနှင့်ချီ နေထိုင်လျက်ရှိပြီး ဆေးဝါး အကူအညီ နှင့် အစာ အာဟာရ ပြတ်တောက် နေသည်။ ၂ဝ၁၆ ခုနှစ် စစ်တမ်းတစ်ခုက နိုင်ဂျီးရီးယား၌ ကလေးငယ် ၂၅ဝဝဝဝ ခန့် အစာ အာဟာရ ချို့တဲ့နေကာ ကလေးငယ် ပေါင်းသန်းနှင့်ချီ အရေးပေါ် ကျန်းမာရေး ပြဿနာများနှင့် ရင်ဆိုင် နေရသည်ဟု ဆိုသည်။ ထို့ကြောင့် နိုင်ဂျီးရီးယား သမ္မတ ဘူဟာရီ သည် ဘိုကိုဟာရမ် ကို တိုက်ခိုက်မှု အစား ငြိမ်းချမ်းရေး ဆွေးနွေးရန် အလေးပေး လာရတော့သည်။ ယခု ကိုလံဘီယာက ရှေ့ဆုံးမှ ငြိမ်းချမ်းရေး လမ်းခင်း သွားသဖြင့် ဘိုကိုဟာရမ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် ဘူဟာရီက ကုလသမဂ္ဂ ကို အကူအညီ တောင်းခံထားသည်။ ထို့ကြောင့် မကြာမီ ဘိုကိုဟာရမ်နှင့် နိုင်ဂျီးရီးယား အစိုးရတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိုလည်း မြင်တွေ့ရဖို့ အလားအလာ များနေသည်။

ကိုလံဘီယာ သမ္မတ Juan Manuel Santos နှင့် သူပုန် ခေါင်းဆောင် Timochenko တို့ စက်တင်ဘာ ၂၆ ရက် တနင်္လာနေ့ (ယနေ့) တွင် ငြိမ်းချမ်းရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီး အပြီးသတ် တရားဝင် ငြိမ်းချမ်းရေးကို အောက်တိုဘာ ၂ ရက်တွင် ပြည်သူတို့၏ ဆန္ဒခံယူပွဲနှင့် အောင်မြင်စွာ ရယူတော့မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...