Social Icons

Pages

Wednesday, August 3, 2016

ပဒေါင်ရွာကိုလည်ပတ်မည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ငွေကြေး ကောက်ခံမှုမပြုတော့



ဒီမော့ဆို ၊ ၃-၈-၂၀၁၆

ကယားပြည်နယ် ဒီမော့ဆိုမြို့နယ် ပန်ပက် (ပဒေါင်) ကျေးရွာသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် များကို တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝ ကောက်ခံမှု မရှိတော့ကြောင်း လွိုင်ကော်ဇုန် ခရီးသွား လုပ်ငန်းရှင်များ ထံမှ သိရသည်။

''အရင်က ပန်ပက်ကျေးရွာ အဝင်လမ်းမှာ နိုင်ငံခြား ခရီးသွားဧည့်သည် တစ်ဦးကို ငွေကျပ် ၅ဝဝဝ ကောက်ခံခဲ့ တယ်။ အဲဒါ ကလည်း ပန်ပက် (ပဒေါင်) ကျေးရွာ ဖွံ့ဖြိုးရေး ရန်ပုံငွေ အတွက် ကောက်ခံခဲ့ခြင်း ဖြစ်ပါတယ်''ဟု လွိုင်ကော်ဇုန် ခရီးသွားလုပ်ငန်း အမှုဆောင်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

အဆိုပါ ပန်ပက် (ပဒေါင်) ကျေးရွာသို့ သွားရောက်သည့် နိုင်ငံခြား ခရီးသွားဧည့်သည် အများစုမှာ ရှမ်းပြည်နယ် (တောင်ပိုင်း) မှတစ်ဆင့် ဆက်လက် သွားရောက်ခြင်းမှာ ပိုမိုများပြား ကြောင်း သိရသည်။

ငွေကြေး ကောက်ခံခြင်းကို ဇူလိုင် လဆန်းပိုင်းက စတင်ရပ်နား ခဲ့ခြင်းဖြစ်ပြီး လက်ရှိ လာရောက် လည်ပတ်သည့် နိုင်ငံခြား ခရီးသွား ဧည့်သည်များအနက် ပြင်သစ်နှင့် ထိုင်းနိုင်ငံတို့မှ အများဆုံး ဖြစ်ကြောင်း သိရသည်။

''နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ကြေး မကောက်ခံ တော့လို့ ခရီးသည် အဝင်ပိုများ လာတာတော့ မရှိသေးပါဘူး။ အခုက မိုးရာသီ ဖြစ်နေတော့ ခရီးသွားရာသီ နိုဝင်ဘာလ လောက်မှပဲ သေချာ သိနိုင်မယ်'' ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း တောင်ကြီးဇုန် ဥက္ကဋ္ဌ ဦးဇော်ဋ္ဌေးအောင် က ပြောသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...