Social Icons

Pages

Monday, July 4, 2016

နိုင်ငံတကာကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်းတက်ရောက်ခွင့် အတွက် Placement Test ကို နှစ်စဉ်စစ်ဆေးပေးသွားမည်



ရန်ကုန် ၊ ၄-၇-၂၀၁၆
.
နိုင်ငံတကာ ကျောင်းများမှ အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း တက်ရောက်ခွင့် အတွက် Placement Test ကိုနှစ်စဉ် စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

''အပြည်ပြည် ဆိုင်ရာ သင်ရိုးတွေကို အဓိကထား သင်ပြီး မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ သင်ရိုးနဲ့ မသင်တဲ့ ပုဂ္ဂလိက ကျောင်းတွေက ကလေး တွေဟာ ပညာရေး ဝန်ကြီးဌာန သင်ရိုး ကော်မတီက ပြဋ္ဌာန်းထားတဲ့ သင်ရိုးနဲ့ သင်တဲ့ ကျောင်းတွေကို ကူးပြောင်းခွင့် ဟိုအရင်တုန်းက မရခဲ့ပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိက ပညာရေး ကဏ္ဍမြှင့်တင် လိုတဲ့၊ ပူးပေါင်း ဆောင်ရွက်လိုတဲ့ ရည်ရွယ်ချက် နဲ့ အခုချိန်မှာ နိုင်ငံတကာ သင်ရိုးနဲ့ သင်တဲ့ကျောင်း တွေမှာရှိတဲ့ ကလေးတွေကို အခြေခံပညာ ကျောင်းတွေမှာ ကူးပြောင်း သင်ယူခွင့် ရအောင် ဒီနှစ်မှာ ပညာရေး ဝန်ကြီးဌာနက အစီအစဉ်သစ် တစ်ခု ဆောင်ရွက်ခဲ့ ပါတယ်'' ဟု တပ်ကုန်းမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းမှ အထက်တန်းပြ ဆရာမ ဒေါ်ကေသီ က ပြောသည်။

ထိုသို့ နှစ်စဉ် အခြေခံပညာ ကျောင်းများသို့ ကူးပြောင်း လျှောက်ထားမှု ကို ဇူလိုင်လတွင် ဆောင်ရွက်ပြီး သြဂုတ်လတွင် ဝင်ခွင့်စာရင်း ထုတ်ပြန်ပေးလေ့ ရှိကာ သက်ဆိုင်ရာ ဘာသာရပ် အလိုက်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီး Placement Test ကိုတစ်နေ့လျှင် နှစ်ဘာသာ နှုန်းဖြင့် ဖြေဆိုရမည် ဖြစ်ပြီး တစ်ဘာသာလျှင် အမှတ် ၅ဝ နှုန်း သတ်မှတ် ထားကြောင်း သိရသည်။ 

မြန်မာနိုင်ငံ၌ ၁၉၉၅ ခုနှစ်မှ စတင် ဖွင့်လှစ်လာသည့် နိုင်ငံတကာ ကျောင်းများမှာ ကမ္ဘာ့ အဆင့် ပညာရေးစနစ် အမျိုးမျိုးဖြင့် သင်ကြားခြင်း ဖြစ်ပြီး သင်ရိုး၊ သင်ကြားနည်း အမျိုးမျိုး ကွဲပြားကြသည်။

၂ဝ၁၃ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ကိုယ်ပိုင်ကျောင်း နှင့် ကောလိပ်ပေါင်း ၁၆ဝ ကျော်ရှိသည်။ ကိုယ်ပိုင်ကျောင်း များနှင့် ကောလိပ်များကို မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေ ပြဋ္ဌာန်းချက်များ ကိုက်ညီမှု အပေါ် မူတည်၍ စမ်းသပ်ကာလ အဖြစ် တစ်နှစ် သက်တမ်းကျောင်း၊ ကောလိပ်၊ ယာယီခွင့်ပြုချက် အရ နှစ်နှစ် သက်တမ်းကျောင်း နှင့် ငါးနှစ် သက်တမ်းကျောင်း ဟူ၍ ခွဲခြားဖွင့်လှစ် ခွင့်ပြုခဲ့ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...