Social Icons

Pages

Wednesday, July 27, 2016

ဒုက္ခသည် တစ်သန်းလက်ခံခဲ့သည့် ဂျာမနီ ၏ တံခါးဖွင့်မူဝါဒကို စိန်ခေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများ




( ရှိန်းထက် )

ဂျာမနီနိုင်ငံ၏ ကံမကောင်းသော သီတင်းပတ်ဟု ခေါင်းစဉ်တပ် ရလောက်အောင် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမနီ၌ အကြမ်းဖက်မှု သုံးခု (ယခု ငါးခု) ဖြစ်ပွားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ဝ ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ယခင်က မမြင်ခဲ့ဖူးသော ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးများကို ဂျာမန်ပြည်သူများ မျက်မြင်ကိုယ်တွေ့ ကြုံကြရပြီ ဖြစ်သည်။

ဇူလိုင် ၂၄ ရက်ညက ဂီတပွဲတော်တစ်ခု အပြင်ဘက်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ယင်းမတိုင်မီ ကလည်း ပါကစ္စတန် သို့မဟုတ် အာဖဂန်နစ္စတန် နွယ်ဝင် ဆယ်ကျော်သက် တစ်ဦးက ရထားပေါ်၌ ပုဆိန်ဖြင့် လိုက်ခုတ်ခဲ့ခြင်းကြောင့် လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး တစ်ဖန် မြူးနစ်မြို့၌ အီရန်နွယ်ဝင် ဂျာမန်လူမျိုး တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူကိုးဦး သေဆုံးခဲ့ရသည်။

ဂျာမနီ၌ ဝန်ကြီးချုပ် အန်ဂျလာမာကဲလ် ၏ တံခါးဖွင့် ဒုက္ခသည်ဝါဒ ကျင့်သုံးပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှု များနှင့် ရာဇဝတ်မှုများသည် ဆက်တိုက် ဖြစ်လာခဲ့သည်။ ထို အကြမ်းဖက်မှု များ၏ တရားခံ အများစုသည် မာကဲလ် က ဒုက္ခသည် ခိုလှုံခွင့်ဖြင့် ဝင်ရောက်နေထိုင်ခွင့် ပေးထားသူများ ဖြစ်သည်။ ထို့ကြောင့် ဂျာမနီ၏ အနာဂတ် လုံခြုံရေးသည် ဒုက္ခသည် တစ်သန်းကျော် လက်ခံ ခဲ့ခြင်းကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့ ရသည်။

၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်သို့အကူး ဒုက္ခသည်များကို လက်ခံပြီး ဂျာမနီနှစ်သစ်ကူး ပွဲတော် ကျင်းပနေစဉ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ရာနှင့်ချီ ဖြစ်ပွားခဲ့သည်။ ထိုအချိန် ကတည်းက ဂျာမနီ၌ မာကဲလ်၏ တံခါးဖွင့် မူဝါဒကို ဝေဖန်မှုများ စတင်ခဲ့သည်။ ထို့နောက် ဒုက္ခသည် အမည်ခံ ရာဇဝတ်မှု ကျူးလွန်သူ များပြား လာသောကြောင့် မာကဲလ် သည် သူ၏တံခါးဖွင့် မူဝါဒကို ရပ်တန့်ထား ခဲ့ရကာ ဂျာမနီ နယ်စပ်ဂိတ်ကို ပိတ်ခဲ့ရသည်။

ဥရောပ၌ ဒုက္ခသည် သိန်းချီ၍ ထပ်မံ သောင်တင်နေသည်။ ထိုလူများထဲမှ သုံးပုံနှစ်ပုံသည် ဂျာမနီသို့ ဦးတည် လာနေသောကြောင့် ဖြစ်သည်။ မာကဲလ်သည် သူ၏ လူသားချင်း စာနာ ထောက်ထားမှု ကိုယ်ချင်းစာ တရားကြောင့် နာမည်ကောင်း ရခဲ့သလို နာမည်ဆိုးလည်း ပူးတွဲရရှိ ခဲ့သည်။ ဥရောပ စီးပွားရေး တအုံနွေးနွေး ဖြစ်နေသော အချိန်တွင် ခွဲတမ်းကျနှင့် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဂျာမနီက လူပေါင်း တစ်သန်းကျော် လက်ခံခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ကျန်သည့် ဥရောပနိုင်ငံများ ကလည်း လိုက်ပြီးလက်ခံ ရတော့သည်။ အကြမ်းဖက်မှုများ ပေါ်ပေါက် လာသောအခါ တခြားဥရောပ ခေါင်းဆောင်များက မာကဲလ် ကို လက်ညှိုးထိုး ကြတော့သည်။ 

လက်မခံနိုင်သည့် အဆုံးတွင် ဥရောပနိုင်ငံ များသည် ကိုယ့်နိုင်ငံ လုံခြုံရန် ခြံစည်းရိုးများပင် ခတ်ကြ ရတော့သည်။ ဂျာမနီကဲ့သို့ စက်မှု ထွန်းကားသော နိုင်ငံအတွက် စက်ရုံများ၌ လုပ်စရာ အလုပ်များစွာ ရှိသည်။ စီးပွားရေး အင်အား ကောင်းသော ကြောင့်လည်း အလုပ်မရသော ဒုက္ခသည်များကို လက်ခံ ကျွေးထားနိုင်သည်။

တခြားဥရောပ နိုင်ငံများသည် ဂျာမနီ လောက် စီးပွားရေး မကောင်းသည်က တစ်ကြောင်း၊ အရှုပ်ထုပ်များကို လက်မခံလို သည်က တစ်ကြောင်း၊ ထိုလူများထဲတွင် ISIS စစ်သွေးကြွတို့ ရောပါလာမည်ကို စိုးရိမ်သည်က တစ်ကြောင်း စသည့်  အကြောင်း များကြောင့် ဒုက္ခသည်များကို လက်မခံလို ကြပေ။ သို့သော် မာကဲလ် က စလိုက်သောကြောင့် အနည်းနှင့် အများ လက်ခံခဲ့ကြ ရသည်။ ယခု ဂျာမနီ၌ ၂ဝ၁၅ ခုနှစ်က စိုးရိမ်ခဲ့သည့် အတိုင်း တစ်ထပ်တည်း ဖြစ်နေကာ အကြမ်းဖက်သမား များက ဒုက္ခသည် အယောင်ဆောင်၍ ဝင်လာခြင်း ဖြစ်သည်။ ယခု အသေခံ ဗုံးဖောက်ခွဲခဲ့ သူမှာ ဂျာမနီ၌ ယမန်နှစ်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ဂျာမန်အစိုးရက လက်မခံခဲ့သူ ဖြစ်သည်။ ၄င်းတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိပြီးသား အဆက်အသွယ်များ ဂျာမနီနိုင်ငံ အတွင်း မရှိနိုင်ဟု မဆိုနိုင်သေးပေ။

မာကဲလ်၏ လူသားချင်း စာနာစိတ်ကို အကြမ်းဖက်သမား တို့က ကောင်းကောင်း အသုံးချနေပြီ ဖြစ်သည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရမည့် အဖြစ်မျိုးကဲ့သို့ သာမန်ဒုက္ခသည် အများစုကတော့ လက်တစ်ဆုပ်စာ အစ္စလာမ်မစ် အကြမ်းဖက် သမားတို့ကြောင့် ဒုက္ခရောက်ကြရ ပေဦးမည်။ ယခုဆိုလျှင် ဂျာမနီမြေ၌ စိုးရိမ်စိတ် များဖြင့် အသက်ရှင် နေထိုင်နေရသည့် လူ အများအပြား ရှိနေပြီဖြစ်သည်။ လူအများစု က ဒုက္ခသည် များကြောင့် ထိုသို့ ဖြစ်ရသည် ဟု လက်ညှိုးထိုး ကြသည်။ ထို့ကြောင့် နေရာတိုင်း၌ ရှိနေသည့် ဒုက္ခသည်များ အတွက် စိတ် အနှောင့်အယှက် များ ဖြစ်ကြရ တော့သည်။ နောက်ဆုံး အရင်းစစ်လိုက်လျှင် ဒုက္ခသည်များကို လက်ခံခဲ့သည့် အဓိကတရားခံ မှာ မာကဲလ် ဖြစ်နေသည်။

မာကဲလ်သည် ဒုက္ခသည်များကို ကြိုဆိုစဉ်က သူ၏ ဆွေမျိုးသားချင်းများ အိမ်သို့ ပြန်ရောက်လာသည့် ပုံစံဖြင့် ကျီးလန့်စာစား ဖြစ်နေသော ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ယခုတော့ ထို နွေးထွေးမှုများ က မာကဲလ်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ တော့သည်။ ပြင်သစ်၌လည်း သမိုင်းဝင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် လည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် အများဆုံးရှိရာ အနောက်ဘက်ခြမ်း နှင့် ဥရောပသည် အကြမ်းဖက်မှု များနှင့် ဖုံးလွှမ်း နေတော့သည်။ ISIS စစ်သွေးကြွ အဖွဲ့သည် အရှေ့ အလယ်ပိုင်းရှိ သူတို့ကို တိုက်ခိုက်သည့် အထဲတွင်လည်း ဂျာမနီမပါ၊ သူတို့ကို တိုက်ခိုက်ရန် ဂျာမနီက စစ်ရေး အကူအညီ များလည်း မပေးသည့်အပြင် အရှေ့ အလယ်ပိုင်းက သူတို့ ဘာသာဝင် ဒုက္ခသည်များကို လက်ခံပေးခဲ့သည့် ဂျာမနီကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ဂျာမနီ၏ ကိုယ်ချင်းစာစိတ်မှာ အကြမ်းဖက်သမား တို့၏ ရိုက်ချိုးခံ နေရပြီဖြစ်သည်။ ဂျာမနီသည် ISIS တို့ကြောင့် ISIS ချေမှုန်းရေး စစ်ပွဲသို့ ဝင်ရောက် လာရတော့မည် ဖြစ်သည်။ ယခု ရုရှားနှင့် အမေရိကန်တို့ ISIS ချေမှုန်းရေး ဆွေးနွေးနေသည်။

သို့သော် ဂျာမနီရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်ကို ဆယ်နှင့်ချီ စတေးခဲ့ရပြီ ဖြစ်သည်။ ကိုယ်ချင်းစာ   စိတ်ဖြင့် မိမိတို့မြေ၌ အသက်ရှင်သန်ရန် နေခွင့်ပေးခဲ့သော ဒုက္ခသည်များ ထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုက ဂျာမနီ ပြည်သူတို့ အသက်ကို ပြန်လည် ပေးဆပ်ရခြင်း လောဟူသည့် နာကြည်းစိတ် နှင့် စိုးရိမ်ထိတ်လန့်မှု တို့သည် ဂျာမနီပြည်သူတို့ ရင်၌ ကိန်းအောင်း နေပြီဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံခဲ့သည့် မာကဲလ်၏ တံခါးဖွင့်မူဝါဒ သည် ယခု အကြမ်းဖက်မှု များ၏ စိန်ခေါ်မှုကို ခံနေရပြီး အနာဂတ် ဂျာမနီနိုင်ငံ၏ လုံခြုံရေးကိုပင် ခြိမ်းခြောက် နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...