Social Icons

Pages

Friday, July 15, 2016

သတ်မှတ်စည်းကမ်း မလိုက်နာသည့် ဟိုတယ်များကို လုပ်ငန်းလိုင်စင် ပေးမည်မဟုတ်


Royal Taunggyi Hotel, Taunggyi

ရန်ကုန် ၊ ၁၅-၇-၂၀၁၆

ပြည်တွင်းရှိ ဟိုတယ်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ သတ်မှတ် ထားသော စည်းကမ်းချက်၊ မူဝါဒများနှင့် ကိုက်ညီမှု မရှိပါက လုပ်ငန်း လိုင်စင်ချထား ပေးမည် မဟုတ်ဘဲ စစ်ဆေး အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''သူ့ဒေသအလိုက် ဟိုတယ်တွေကို သတ်မှတ်ထား တာတွေ ရှိပါတယ်။ အခန်း အရေအတွက် ကန့်သတ်ချက်၊ အမြင့်ပေ သတ်မှတ်ချက် နဲ့ အကျယ်အဝန်း နေရာ သတ်မှတ်ချက်တွေ သတ်မှတ် ထားပါတယ်။ ဒါတွေကို ကျော်လွန် ဆောက်လုပ် ထားတာ တွေ့ရင်တော့ လုပ်ငန်း လုပ်ကိုင်ခွင့် မပေးသလို လိုင်စင်လည်း မပေးပါဘူး'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေး က ပြောသည်။

ပြည်တွင်း၌ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက် အပြင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ၏ သတ်မှတ်ချက် များနှင့်အညီ ဆောက်လုပ်ရမည် ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန အနေဖြင့်လည်း လုပ်ငန်း လုပ်ကိုင်မည့် နေရာဒေသကို ကြည့်ကာ အထပ်မြင့်၊ မြေနေရာ နှင့် အခန်း အရေအတွက် ကို သတ်မှတ် ပေးခြင်း ဖြစ်ကြောင်း သိရသည်။

''တချို့နေရာ တွေက ခရီးသည် ဝင်ရောက်မှု များပြီး ဟိုတယ်တွေ လိုအပ်ချက် များနေရင် အခန်း အရေအတွက် များများ ခွင့်ပြုပေး ပါတယ်။ တချို့နေရာ တွေကျတော့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုတွေ ဖြစ်လာမှာ စိုးရိမ်တဲ့ အတွက် အခန်း အရေအတွက် ကို အများကြီး ခွင့်ပြုလို့ မရပါဘူး။ ဒါကြောင့် တစ်နေရာနဲ့ တစ်နေရာ သတ်မှတ်ချက် မတူနိုင်ပါဘူး'' ဟု ၄င်းက ဆက်လက် ပြောသည်။

ဆက်လက်ပြီး သဘာဝ အခြေပြု ခရီးသွား လုပ်ငန်းများ လုပ်ဆောင်သူ Nature Lovers ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဦးအောင်ဒင် က ''ဝန်ကြီးဌာန အနေနဲ့ ခရီးသွား ဧည့်သည်များပြီး ဟိုတယ် အရေအတွက် များလို့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မယ့် နေရာဒေသ မျိုးတွေမှာ Home Stay ကို ပိုမိုခွင့်ပြုပေး စေချင်ပါတယ်။ ရပ်ရွာလူထု အခြေပြုတဲ့ ခရီးသွား လုပ်ငန်း တွေဆိုရင် ဒေသခံ ပြည်သူတွေ ဝင်ငွေရ တာပေါ့'' ဟုပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန က လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ခွင့်ပြုထားသော ဟိုတယ် ၁၃၅၁ လုံးရှိပြီး အခန်း အရေအတွက် ၅၂၆၈၁ ခန်း ရှိကြောင်း သိရသည်။

မြတ်လေးငုံ

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...