Social Icons

Pages

Wednesday, July 20, 2016

ဆီးချိုရောဂါသည်များ ကျန်းမာရေးနှင့် ညီညွတ်စေမည့် တခြားနည်းလမ်းများ ကိုပါ လိုက်နာကျင့်သုံးသင့်



ရန်ကုန် ၊ ၂၀-၇-၂၀၁၆

ဆီးချိုရောဂါ သည်များ ကျန်းမာသော ဘဝနေထိုင်နည်း တွင် အချိုကို လျှော့စားခြင်း သာမက ကျန်းမာရေးနှင့် ညီညွတ်စေသည့် တခြားသော နည်းလမ်းများ ကိုပါ လိုက်နာ ကျင့်သုံးသင့် ကြောင်း ရန်ကုန် အနောက်ပိုင်း ဆေးရုံကြီး ဆေးပညာဌာနမှ တွဲဖက် ပါမောက္ခ ဒေါက်တာ သိန်းမြင့် က အကြံပြု ပြောကြားသည်။

ဆီးချိုရောဂါ ဖြစ်ပွားသည့် သူများသည် အချိုများစွာ ပါဝင်သည့် ရေခဲမုန့်၊ မုန့်များ နှင့် အချိုရည်များကို လျှော့စားရန် လိုအပ်သည့်အပြင် လေ့ကျင့်ခန်း လုပ်ခြင်းနှင့် နောက်ဆက်တွဲ ရောဂါများ မဖြစ်ပွားစေရန် ကာကွယ်နိုင်သည့် ဆေးဝါးတချို့ သောက်သုံးခြင်း တို့ကိုပါ ပြုလုပ်ရန် လိုအပ်ကြောင်း သိရသည်။

''ဆီးချိုရောဂါသည် ဆိုရင် အချို လျှော့စား ရမယ်လို့ပဲ ထင်ကြတာ များပါတယ်။ ဆီးချိုရောဂါ ဖြစ်တဲ့သူက အချိုလည်း လျှော့စားရမယ်။ တစ်ပတ်မှာ ငါးရက်လောက် က တစ်နေ့ကို နာရီဝက်ခန့် ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ရပါမယ်။ နေ့စဉ် စားသောက် တဲ့ အစားအစာ တွေမှာလည်း အာဟာရဓာတ် တွေမျှတ စုံလင်အောင် စားရမယ်။ နောက်ဆက်တွဲ ရောဂါတွေ မဖြစ်အောင် ကာကွယ်တဲ့ ဆေးတွေကိုလည်း ကြိုသောက်ထားဖို့ လိုပါတယ်'' ဟု တွဲဖက် ပါမောက္ခ ဒေါက်တာ သိန်းမြင့် က ပြောသည်။ 

ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ရာတွင် လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ပြေးခြင်း အပါအဝင် မိမိနှစ်သက်ရာ အားကစားနည်း တစ်မျိုးမျိုး ကိုလည်း ပြုလုပ်ရန် လိုအပ်ပြီး ဆန်၊ ဂျုံ၊ ပဲ၊ အာလူးစသည့် ကစီဓာတ် (ကာဗိုဟိုက် ဒရိတ်ဓာတ်) ပါဝင်သည့် အစားအစာ များကို လေးပုံတစ်ပုံ၊ အမျှင်ဓာတ်များ ပါဝင်သည့် ဟင်းသီးဟင်းရွက် များကို လေးပုံနှစ်ပုံ၊ အသား၊ ငါး၊ ဥ၊ ပဲ၊ နို့တို့ကို လေးပုံတစ်ပုံ မျှတစွာ စားသုံးရမည် ဖြစ်သည်။

''အချိုမှုန့်တွေ စားသုံးရင်လည်း တစ်နေ ကုန် စားတဲ့ အစားအသောက် ထဲမှာပါတဲ့ ပမာဏ အကုန်ပေါင်းမှ လက်ဖက်စားဇွန်း တစ်ဇွန်း မကျော်ရ ပါဘူး။ ဇွန်းတစ်ဝက် လောက်ပဲ စားသင့်ပါတယ်။ အချိုမှုန့် တွေက သွေးတိုး ရောဂါ ဖြစ်စေတော့ လျှော့စားသင့် ပါတယ်'' ဟု တွဲဖက်ပါမောက္ခ ဒေါက်တာ သိန်းမြင့် က ပြောသည်။ (MMK)

မြ၀တီနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...