Social Icons

Pages

Tuesday, June 14, 2016

ဝမ်းတွင်းမြို့နယ်တွင် ငါးရှဥ့်မွေးမြူရေး လုပ်ငန်းများ စီးပွားဖြစ်လုပ်ကိုင်



ဝမ်းတွင်း ၊ ၁၄-၆-၂၀၁၆

မန္တလေး တိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကျားသေကန် ကျေးရွာအုပ်စု၊ ကျားသေကန် ကျေးရွာ ကွင်းအတွင်း ကင်းတားလက်ဝဲ ရေပေးမြောင်း အနီးတွင် ငါးရှဥ့် မွေးမြူရေး လုပ်ငန်းကို စီးပွားဖြစ် စတင် မွေးမြူလျက် ရှိကြောင်း သိရသည်။

ငါးရှဥ့် မွေးမြူရာတွင် ကန်ဧရိယာ တစ်ဧက အတွင်း အလျား ၁ဝ ပေ အနံခြောက်ပေ ရေဝင်၊ ရေထွက်နိုင်သော မိုးကာစဖြင့် ရေပေါ်တွင် အုတ်ကန်သဖွယ် ပြုလုပ်ထားပြီး အတွင်း၌ ဗေဒါပင် (သို့မဟုတ်) ကနဖော့ပင် များကို အပြည့်စိုက်ပျိုး ထားသည်။ ဗေဒါပင် နှင့် ကနဖော့ပင်များ ထည့်ထား ရခြင်းမှာ ငါးရှဥ့်များ ၄င်းအပင်များ၏ အမြစ်များ အတွင်း နေထိုင်ရန် ဖြစ်သည်။

တစ်ဧကလျှင် အလျား ၁ဝ ပေ၊ အနံခြောက်ပေ ရှိ အကန့်ပေါင်း ၁၄၄ ကန့် မွေးမြူနိုင်ပြီး ငါးရှဥ့်သားပေါက် များကို ကူမဲမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရကြောင်း၊ အကန့် တစ်ကန့်လျှင် ငါးရှဥ့်သားပေါက် ၁ဝ ပိဿာခန့် ထည့်သွင်း မွေးမြူရကြောင်း နှင့် အစားအစာ အနေဖြင့် ငါးပေါက်စများကို လတ်လတ် ဆတ်ဆတ် ကြိတ်၍ ကျွေးရပြီး ရေများကို တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်ထိ လဲပေးရကြောင်း၊ ရေကန်အနက် အနေဖြင့် လေးပေခန့် ရှိရကြောင်း၊ ငါးရှဥ့် သားပေါက်များကို တစ်ပိဿာလျှင် ငွေကျပ် ၄၀၀၀ မှ ၆ဝဝဝ ထိ ဝယ်ယူရကာ စတင် မွေးမြူရကြောင်း၊ လေးလခန့် အကြာတွင် ဖော်ထုတ် ရောင်းချနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၇ဝဝဝ ကျပ် မှ ၈ဝဝဝ ထိ  ရောင်းရကြောင်း၊ အကန့် တစ်ကန့်လျှင် ငါးရှဥ့်အချိန် ပိဿာ ၄ဝ ထွက်ရှိကြောင်း၊ လက်ရှိ အခြေအနေတွင် သုံးဧကခန့် မွေးမြူထားကြောင်း၊ ငါးရှဥ့် မွေးမြူရေး လုပ်ငန်းအနေဖြင့် အလုပ်သမား အင်အားသုံး ရကြောင်း၊ ငါးရှဥ့်များကို တရုတ်ပြည်သို့ တင်ပို့ရကြောင်း လုပ်ငန်းရှင် ဦးစိုးဝင်း ၏ ပြောကြားမှု အရ သိရသည်။

ဝမ်းတွင်းမြို့နယ် တွင် ယခင်က လယ်များ၊ မြောင်းများအတွင်း ခြင်းများဖြင့် ငါးရှဥ့်ဖမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီး ကူမဲမြို့ပေါ်ရှိ အဝယ်ဒိုင် များသို့ သွားသွင်းရသည်။ ယခုလို စီးပွားဖြစ် လုပ်ကိုင်ခြင်း အားဖြင့် ဒေသဆိုင်ရာ ကျေးရွာလူထုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်း၊ စီးပွားဖြစ် ထုတ်လုပ်ခြင်း ကြောင့် ကုန်ပစ္စည်းများ ပေါများပြီး ကုန်စည် စီးဆင်းမှုကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဌေးလှိုင် (ဝမ်းတွင်း)

ရတနာပုံနေ့စဉ် ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...